လားရှိုးအကျဉ်းထောင် ဝန်ထမ်းနဲ့ မိသားစုဝင် ၁၂၀ ကျော်ကို “ဝ” တပ်ဖွဲ့ ခေါ်ထုတ်
စစ်ကောင်စီနဲ့ MNDAA တို့ နှစ်ဖက်တိုက်ပွဲကြား ပိတ်မိနေတဲ့ လားရှိုးအကျဉ်းထောင် ဦးစီးမှူး အပါအဝင် ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၂၀ ကျော်ကို “ဝ” တပ်ဖွဲ့ က ဇူလိုင်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ခေါ်ထုတ်သွားတယ်လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2024-07-31 -
-
-
စစ်ကောင်စီနဲ့ ကိုးကန့်တပ် (MNDAA) တို့ နှစ်ဖက်တိုက်ပွဲကြား ပိတ်မိနေတဲ့ လားရှိုးအကျဉ်းထောင် ဦးစီးမှူး အပါအဝင် ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၂၀ ကျော်ကို “ဝ” တပ်ဖွဲ့ (UWSA)က ဇူလိုင်လ ၃၀ ရက်နေ့ မနေ့ နေ့လယ် ပိုင်းမှာ ခေါ်ထုတ်သွားတယ်လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတွေက RFA ကို ပြောပါတယ်။
အကျဉ်းထောင် ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို “ဝ” တပ်ဖွဲ့က စစ်ကားသုံးစီးနဲ့ မိုင်းရယ်မြို့ကို ခေါ်ထုတ် သွားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ခဲ့ရသူက RFA ကိုပြောပါတယ်။
"စစ်ကားသုံးစီးနဲ့ အကျဉ်းထောင် ဝန်ထမ်းတွေ ပါသွားတာတွေ့လိုက်တယ်။ မိုင်းရယ်ကို ပို့လိုက်တာ"
လားရှိုးအကျဉ်းထောင်အနီးက ခြေလျင်တပ်ရင်း ခလရ-၆၈ တပ်ကို ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်ခဲ့ပြီးနောက် လားရှိုးအကျဉ်းထောင်က ဝန်ထမ်းနဲ့မိသားစုဝင်တွေ ထွက်ပြေးခဲ့တာပါ။
အကျဉ်းထောင် ဝန်ထမ်းတွေကို “ဝ” တပ်ဖွဲ့က ကယ်ထုတ်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ “ဝ” တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရမ်းကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် (MNDAA) တိုက်ပွဲပြင်းထန်နေချိန် ဇူလိုင် ၂၇ ရက်နေ့မှာ “ဝ” တပ်ဖွဲ့ (UWSA) က လားရှိုးမြို့ထဲ ဝင်ရောက်ခဲ့ပါတယ်။
“ဝ” ဆက်ဆံရေးရုံးနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့နဲ့ လားရှိုးမြို့က တိုင်းရင်းသားပေါင်းစုံရဲ့ တောင်းဆိုမှုကြောင့် လားရှိုးကို ဝင်ရောက်ခဲ့တာလို့ “ဝ” တပ်ဖွဲ့ဘက်က ပြောဆိုထားပြီး နှစ်ဖက်စစ်ပွဲအတွင်းမှာ ပါဝင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
လားရှိုးမြို့အတွင်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနီးမှာ ဇူလိုင်လ ၃၀ ရက်နေ့အထိ တိုက်ပွဲ ပြင်းထန်နေပြီး အမှတ် (၉) ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်တွေမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခံရမှုတွေကြောင့် နေအိမ် အများအပြား ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် “ဝ” ဆက်ဆံရေးရုံး ရှိတဲ့ လားရှိုးမြို့ ပါရမီလမ်းမှာလည်း လေကြောင်းကနေ ဗုံးကြဲခံရလို့ “ဝ” ဆက်ဆံရေးရုံး အဆောက်အအုံအပြင် အနီးအနားကနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ရဲ့ အခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။