ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌဟောင်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ
ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌဟောင်း ကိုကျော်ရဲသူကို ပေါင်းတည် အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
-
RFA Burmese
2023-12-28 -
-
-
ပဲခူးတိုင်း ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌဟောင်း ကိုကျော်ရဲသူကို ပေါင်းတည် အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုကျော်ရဲသူကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)နဲ့ ထောင် ငါးနှစ်၊ ၅၀ (ည)နဲ့ ထောင် ဆယ်နှစ် စုစုပေါင်း ၁၅ နှစ်ချမှတ်ခဲ့ပြီး ပေါင်းတည် အကျဉ်းထောင်ကနေ ပြည်မြို့ အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီလို့ ပေါင်းတည် အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ပေါင်းတည်ထောင်တွင်း အထူးတရားရုံးထိုင်ပြီး ခရိုင်အဆင့်ကနေ စစ်တာပေါ့။ ပုဒ်မ နှစ်ခုနဲ့ ၁၅ နှစ်ချပြီး ပြည်ထောင်ကိုပို့လိုက်ပြီ။ ကျန်းမာရေး ကောင်းတယ်”
သူ့ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ရဲ့ ဇနီးသည်မှာလည်း မီးဖွားခါနီး ကိုယ်ဝန်နဲ့ ကျန်ရစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးမှုနဲ့ ဖမ်ဆီးခံထားရသူ နှစ်သောင်းနီးပါး (၁၉,၈၃၂ဦး) ရှိပြီး အဲဒီအထဲက ရှစ်ထောင်ကျော် (၈၄၀၃ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။