KNU နယ်မြေမှာ နှစ်ပတ်အတွင်း တိုက်ပွဲကြောင့် အရပ်သားသုံးဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ

ပြည်သူတွေ ငလျင်ဒဏ်အပြင်းအထန်ခံစားနေရချိန်မှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ KNU က ဝေဖန်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဘလယ်ဝေါ်ကျေးရွာ၌ ဧပြီလ ၈ ရက် ညနေက လေကြောင်းတိုက်ခိုက်ခံရစဉ်။ (Photo : KNU ) KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ဒေသအတွင်း လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံး၊ ထိခိုက်ကြတာလို့ KNU ရဲ့ ဧပြီလ ၁၄ ရက်နေ့ည ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးထိခိုက်မှုတွေဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေအတွင်းက KNU ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ပေါ်ခဲ့တာပါ။

ပဲခူးတိုင်း ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေမှာ ဒရုန်းနဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ် ဖာပွန်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာတော့ အရပ်သားသုံးဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာလည်း အရပ်သားတစ်ဦးဒဏ်ရာရတယ်လို့ဆိုပါတယ်။

ပြည်သူတွေ ငလျင်ဒဏ်အပြင်းအထန်ခံစားနေရချိန်မှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ KNU က ဝေဖန်ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ငလျင်ဘေး အာရုံစိုက်ဖို့ စစ်ကောင်စီတပ်က ယာယီအပစ်အခတ်ရပ်စဲထားတာကို အခွင့်ကောင်းယူပြီး KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေက စစ်ကောင်စီတပ်စခန်းတွေကို ဝိုင်းဝန်းတိုက်ခိုက်နေတယ်လို့ ဧပြီလ ၁၄ ရက်မှာ နိုင်ငံပိုင်မီဒီယာက တစ်ဆင့် ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်လုပ်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

စစ်ကောင်စီဟာ ဧပြီလ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ သီတင်းသုံးပတ်ကြာအောင် အပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org