KNU နဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ရက်ရွှေ့ဆိုင်း
KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့တို့ ကရင်ပြည်နယ် ဖားအံမြို့မှာ သြဂုတ်လ (၂၇) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာ တွေ့ဆုံ ဆွေးနွေးမယ့် ကိစ္စကို အစိုးရဘက်က အကြောင်းပြချက် တစုံတရာ ပေးခြင်းမရှိဘဲ မနေ့က ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
-
2012-08-25 -
-
-
အခုလို ရုတ်တရက် အစီအစဉ်ပြောင်းသွားတာကို KNU ဘက်က နားလည်နိုင်ပေမယ့် KNUအ ဖွဲ့ကို ကြိုဆိုကြမယ့် ပြည်တွင်းက ကရင်ပြည်သူတွေ အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ တတိယအကြိမ် ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အတွက် KNU က ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း KNU ပြောခွင့်ရသူ မနော်မေဦးက RFA ကို ပြောပါတယ်။
"ကျွန်မတို့ သိရသလောက် လူထုကလည်း စောင့်မျှော်နေကြတယ်။ ပြင်ဆင်ထားကြတယ်။ KNU ကိုကြိုဆိုဖို့အတွက်။ ဖားအံမှာရော၊ ရန်ကုန်မှာရော၊ ဒေသတလျှောက်မှာပေါ့နော်။ ဒီလို ရုတ်တရက် အစီအစဉ် ပြောင်းသွားတော့ သူတို့လည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ ကျွန်မတို့လည်း စိတ်မကောင်းဘူး။ ဒါပေမဲ့ ကျွန်မတို့ ပြောချင်တာက ဒါမျုးိက ဖြစ်တတ်တယ်။ အစိုးရဘက်ကလည်း အစိုးရက ဦးဆောင်ပြီးတော့ လုပ်နေတဲ့ အလုပ်မှာ အလုပ်တွေက အများကြီးရှိတော့။ ဘယ်လိုပဲ ဖြစ်ဖြစ် KNU ဘက်က သဘောထားတာကတော့ အစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးပြီးတော့ တတိယအကြိမ် ဆွေးနွေးညှိနှိုင်းပွဲ အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားသွားမယ်။"
ဖားအံမြို့က အခုတကြိမ် ဆွေးနွေးပွဲမှာ အပစ်ရပ်မယ့် နှစ်ဖက်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ် စည်းကမ်းတွေကို အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရသူ မနော်မေဦးကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |