မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ဒေသခံတစ်ဦးကို KNU ဖမ်းဆီး


2019.07.08
sawkaungmyat-622.jpg ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျုံဘွယ်ကျေးရွာက NLD ရပ်ကျေးအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးစောကောင်းမြတ်ကို တွေ့ရစဉ်
ဓါတ်ပုံ - လင်း ထွန်း

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျုံဘွယ်ကျေးရွာက NLD ရပ်ကျေးအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးစောကောင်းမြတ်ကို KNU တပ်မဟာ ၆ တပ်ဖွဲ့ဝင်တွေက ဇူလိုင် ၅ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

KNU မှာ တာဝန်ထမ်းဆောင်ခဲ့ချိန်က မြေယာသိမ်းတာတွေ၊ နှိပ်စက်တာတွေလုပ်ခဲ့တယ်ဆိုပြီး ဒေသခံတချို့က တိုင်ကြားတာကြောင့် KNU တပ်မဟာ ၆ က ဖမ်းဆီးခေါ်ဆောင်သွားတာလို့သိရကြောင်း ကျိုက်မရောမြို့နယ် NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းထွန်းဦးက RFA ကို ပြောကြားပါတယ်။

ဦးစောကောင်းမြတ်ဟာ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းဖို့အတွက် ကျုံဘွယ်ကျေးရွာကို သွားရောက်ပြီး မြန်မာ့တပ်မတော်၊ မြိ့နယ်မြေစာရင်းဌာနတို့နဲ့ မြေယာကိစ္စတွေ ရှင်းလင်းပြောဆိုအပြီးမှာ KNU အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ဘက်က တာဝန်ရှိသူတွေမျက်မှောက်မှာ KNU အဖွဲ့က လာရောက်ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ဒီအမှုကို မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။ မိသားစုကိုတော့ RFA က ဆက်သွယ်ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

တပ်မတော်တာဝန်ရှိသူတွေရှိနေချိန်မှာ KNU အဖွဲ့က လာရောက်ဖမ်းဆီးသွာတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

မွန်ပြည်နယ် အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်ကတော့ ဦးစောကောင်းမြတ် ဖမ်းဆီးခံရတဲ့ကိစ္စကို လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

အငြင်းပွားမှုဖြစ်နေတဲ့ မြေနေရာကို ဦးစောကောင်းမြတ်က ပြည်ထောင်စု အစိုးရကချပေးထားတဲ့ မြေယာ ပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံရှိပြီး သူနဲ့ ပြဿနာဖြစ်တဲ့ သူဆီမှာလည်း KNU က ထုတ်ပေးထားတဲ့ မြေယာ ပိုင်ဆိုင်မှု အထောက်အထားတွေရှိနေတာကြောင့် ပိုင်ဆိုင်မှု အငြင်းပွားမှု ဖြစ်နေတာလို့ သိရပါတယ်။

(RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။