ကရင်ပြည်နယ်မှာ တိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်း KNU ပြော

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ စစ်‌ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့က အင်အားတိုးချဲ့မှုတွေ ရှိနေတာကြောင့် စစ်ရေးအရ တင်းမာမှုတွေ ရှိနေတယ်လို့ KNU ဒူးပလာယာခရိုင်က ဩဂုတ်လ ၂၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေ ၂၀၂၁ သြဂုတ်လ ၂၁ ရက်နေ့က သောင်ရင်းမြစ်ကမ်းက မယ်သဝေါရွာကို ရောက်လာစဥ် Photo CJ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ စစ်‌ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့က အင်အား တိုးချဲ့မှုတွေရှိနေတာကြောင့် စစ်ရေးအရ တင်းမာမှုတွေရှိနေတယ်လို့ KNU ဒူးပလာယာခရိုင်က ဩဂုတ်လ ၂၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာ နယ်ခြားစောင့်တပ် (BGF) အင်အား ၃၀ ခန့်ဟာ ရိက္ခာတွေသယ်ဆောင်ပြီး ကော့ကရိတ် မြို့နယ်၊ ကမိုင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို အင်အားဖြည့်တင်း ပြင်ဆင်မှု တွေရှိနေတယ်လို့ ဆိုပါတယ်။

ဒီလို အင်အားဖြည့်မှုတွေကနေ သတ်မှတ်နယ်မြေကို ကျော်လွန်လာခဲ့ရင် ကရင့်လွတ်မြောက်ရေးတပ်မတော် (KNLA) အနေနဲ့ ခွင့်ပြုမှာမဟုတ်ဘဲ တိုက်ပွဲဆက်ဖြစ်လာလိမ့်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မနေ့ ဩဂုတ်လ ၂၃ ရက်နေ့လည်း ကမိုင်ကုန်းကျေးရွာနားက စစ်တပ်က လက်နက်ကြီးအချက် ၅၀ ခန့် ပစ်ခတ်ခဲ့ပြီးနောက် ကမိုင်ကုန်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားခဲ့တာဖြစ်ပါတယ်။

မနေ့က ကွင်းကလေးကျေးရွာနားမှာ ဖြစ်ခဲ့တဲ့ စစ်တပ်နဲ့ KNLA တို့ရဲ့ တိုက်ပွဲမှာလည်း BGF အနေနဲ့ စစ်တပ် ဘက်က ပါဝင်ကူညီ တိုက်ခိုက်ပေးခဲ့တယ်လို့ KNU ဘက်က ပြောပါတယ်။

 ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org