စစ်ကောင်စီ ရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်မယ်လို့ KNU ပြော
နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြောင့် ပြည်သူတွေ ဒုက္ခဆင်းရဲတွင်းထဲ ရောက်နေပေမဲ့ စစ်ကောင်စီဟာ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့ မကြိုးစားဘူးလို့ သူက ပြောပါတယ်။
-
RFA Burmese
2025-01-31 -
-
-
စစ်ကောင်စီက အာဏာတည်မြဲရေးနဲ့ နိုင်ငံတကာမှာ တရားဝင် အစိုးရအနေနဲ့ အသိအမှတ်ပြုခံနိုင်ဖို့ ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်မယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဇန်နဝါရီ ၃၁ ရက် ဒီနေ့ကျရောက်တဲ့ ၇၆ နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြောင့် ပြည်သူတွေ ဒုက္ခဆင်းရဲတွင်းထဲ ရောက်နေပေမဲ့ စစ်ကောင်စီဟာ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့ မကြိုးစားဘူးလို့ သူက ပြောပါတယ်။
ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေပေမဲ့ နိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင် တော်လှန်ရေးကြောင့် စစ်ကောင်စီဟာ ဒေသအနည်းစုနဲ့ မြို့ကြီးတချို့ပဲကိုပဲ ထိန်းချုပ်ထားနိုင်တော့တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ထောက်ပြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ ရှိတယ်လို့ ပြောထားပြီး ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်တာနဲ့ မဲပေးနိုင်တဲ့ လူဦးရေစာရင်း ပြုစုတာ စတဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
KNU လိုပဲ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်ထားပါတယ်။
နိုင်ငံတစ်ဝန်းက လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ပြီး ဒီမိုကရေစီအရေး၊ လွတ်လပ်မှု၊ အမျိုးသား တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်ဖို့ KNU က တိုက်တွန်းထားပါတယ်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကလည်း စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ စစ်ကောင်စီကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ တိုက်တွန်းပြောကြားထားပါတယ်။