တပ်မဟာ (၅) နယ်မြေက စစ်ကောင်စီစခန်းတွေကို KNLA ဝင်တိုက်

2022.02.15
တပ်မဟာ (၅) နယ်မြေက စစ်ကောင်စီစခန်းတွေကို KNLA ဝင်တိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: KIC

ကရင်မျိုးသားအစည်းအရုံး KNU ရဲ့ မူတြော် (ဖာပွန်) ခရိုင် တပ်မဟာ (၅) နယ်မြေထဲက စစ်ကောင်စီ တပ်စခန်းတချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ခုနှစ်ယောက် သေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်က ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သူးမွဲထာမြောက်ဘက် ညာဃေါ်ကျိူး စခန်းကို ကနဦး ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား တစ်ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ ထူမောဒဲ (ဖာပွန်အရှေ့ဘက်) တံတားဦးက စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ရာမှာ လေးယောက် သေဆုံးခဲ့သလို ခူးသူးထာစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာလည်း နှစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း KNLA တပ်မဟာ (၅) လက်အောက်က တပ်ရင်းအမှတ် (၁၀၂) တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်ရဲ့ မယ်ေ၀ (မဲဝိုင်)စခန်းကို ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က တစ်ယောက် ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

အခုထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

အဲဒီတိုက်ပွဲ လေးကြိမ်စလုံးမှာ KNLA - အမှတ် (၅) တပ်မဟာလက်အောက်ရှိ တပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

မူတြော် (ဖာပွန်)ခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီတစ်လအတွင်း တိုက်ပွဲပေါင်း ၃၂၂ ကြိမ် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က ၁၉၄ ယောက် သေဆုံးခဲ့ပြီး KNLA ဘက်က သုံးယောက် သေဆုံးကြောင်း KNU - မူတြော် သတင်းစဉ်က ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။