စစ်ကောင်စီတပ်သား ခုနစ်ဦး KNDF နဲ့ ပူးပေါင်း

ဒီတပ်သားတွေဟာ စစ်မှုထမ်းဖို့ ဆန္ဒမရှိကြဘဲ အတင်းအဓမ္မစုဆောင်းတာကိုခံခဲ့ရပြီး စစ်မြေပြင်ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့သူတွေလို့ ဆိုပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားတစ်ဦးအား KNDF တပ်ဖွဲ့မှ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ထားစဉ်။ Photo: Karenni Nationalities Defense Force B - 05

ကယား(ကရင်နီ)ပြည်နယ်က စစ်ကောင်စီတပ်သား ခုနစ်ဦး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပူးပေါင်းလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဇန်နဝါရီလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က ခမရ (၄၃၀) တပ်ရင်းက တပ်သား သုံးဦးဟာ လွိုင်ကော်မြို့ပြင်မှာရှိတဲ့ ကင်းစခန်းတစ်ခုကနေထွက်ပြေးလာပြီး KNDF တပ်ရင်းကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၃ရက်နေ့က လွိုင်လင်လေးမြို့ ထီးစဲခါးကင်းစခန်းတစ်ခုက ထွက်ပြေးလာတဲ့ ခလရ (၂၄၇) တပ်က တပ်သား လေးဦးဟာလည်း MA-3 သုံးလက်၊ MA-1 တစ်လက်နဲ့အတူ KNDF တပ်ရင်းကို လာရောက်ပူးပေါင်းခဲ့တာကြောင့် KNDF တပ်ဖွဲ့က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်မှုထမ်းဖို့ ဆန္ဒမရှိကြဘဲ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းတွေအဖြစ် အတင်းအဓမ္မစုဆောင်းတာကိုခံခဲ့ရပြီး ကရင်နီပြည်နယ် စစ်မြေပြင်ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့သူတွေလို့ ဆိုပါတယ်။

စစ်အာဏာရှင်အကျိုးစီးပွားအတွက် ရပ်တည်မဲ့အစား စစ်ကောင်စီတပ်သားအဖြစ်ကနေ အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံကြဖို့လည်း KNDF က တိုက်တွန်းထားပါတယ်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ CDM ဝင်ရောက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူ ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ (၁၄,၇၆၀) နီးပါး ရှိလာပြီလို့ အမျိုသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org