ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေပါဝင်ကြဖို့ သမ္မတ တိုက်တွန်း

အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ပူးပေါင်းပါဝင်ကြဖို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ဇန်နဝါရီလ ၂ဝရက်နေ့မှာ တိုက်တွန်းပြော လိုက်ပါတယ်။

2013.01.20
president-pc-305 နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အရပ်ဖက် လူ့အဖွဲ့စည်းများ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့က တွေ့ဆုံစဉ်
Photo : RFA/Kyaw Zaw Win

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ညနေပိုင်းကကျင်းပတဲ့ သမ္မတဦးသိန်းစိန်နဲ့ အရပ်ဖက်အခြေပြု လူမှုအဖွဲ့အစည်း စုစုပေါင်း ၈၆ ဖွဲ့နဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူထုနဲ့အရပ်ဖက်လူ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ဆိုတာ လူထုကလည်း ပါဝင်ဖို့လိုပါတယ်၊ ခေါင်းဆောင်တွေရဲ့ သဘောတူညီမှု၊ နားလည်မှုတွေကို လူထုဆီရောက်အောင် ပေးပို့နိုင်အဖို့အတွက် အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အင်မတန်မှ အရေးကြီးပါတယ်၊ မိမိတို့ အစိုးရအဖွဲ့အနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ ဆောင်ရွက်နေပါတယ်။"

ဒါ့အပြင် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့အရပ်ဖက် လူ့အဖွဲ့အစည်းတွေပူးပေါင်းဖို့ သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ်လိုက်ပါတယ်။

"အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ပါဝင်မှုကို ယခုထက်ပိုပြီး ပူးပေါင်းပါဝင်ဖို့ကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်၊ ကျွန်တော်တို့အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တူညီတာတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်"

အဲဒီ့အခမ်းအနားမှာ ငြိမ်းဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံအမျိုးသမီး စွမ်းဆောင်ရှင်များအသင်း၊ ငြိမ်းချမ်းရေးစက်ဝန်း၊ ငြိမ်းချမ်းရေးကွန်ရက်စတဲ့ အဖွဲ့အစည်းတွေက ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအကြောင်းတွေ၊ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ လူမှုရေးအခက်အခဲတွေ၊ အစိုးရအနေနဲ့အရပ်ဖက် လူ့အဖွဲ့အစည်းတွေကို လူမှုရေးလုပ်ငန်းစဉ်တွေမှာ ပိုပြီးနေရာပေးဖို့စတဲ့ အချက်တွေကို တင်ပြဆွေးနွေးခဲ့ပြီး လူပုဂ္ဂိုလ် ၂၀၀ခန့် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။