ကေအိုင်အို နှစ်ပတ်လည်ပွဲတိုက်ခိုက်ခံရမှု ဒဏ်ရာရအရပ်သားသုံးဦး ထပ်မံသေဆုံး

အသက်မသေဘဲ လွတ်မြောက်လာတဲ့ ဖားကန့်ဒေသခံတစ်ဦးကတော့ ဗုံးကြဲခံရတဲ့နေရာမှာ ပေတစ်ရာ ပတ်လည်အထိ အသားစတွေနဲ့ ဦးခေါင်းခွံတွေ တစ်စစီပြန့်ကျဲနေတာကြောင့် အမှန်တကယ်သေဆုံးတဲ့စာရင်းဟာ ကေအိုင်အိုက ပြောဆိုတဲ့အရေအတွက်ထက် ပိုများနိုင်တယ်လို့ ပြောပါတယ်။

KIA နှစ်ပတ်လည်နေ့ပွဲ တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများအတွက် ဆုတောင်းခဲ့ကြပြီး စစ်ကောင်စီကို ဆန္ဒပြခဲ့ကြသည့် စစ်ကိုင်းတိုင်းက ဒေသခံများအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ Photo: Aung Khant Zaw

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါမှာ အောက်တိုဘာ ၂၃ ရက်နေ့ညက စစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲက နောက်ထပ် သုံးဦး အောက်တိုဘာလ ၂၆ ရက် မနေ့က သေဆုံးသွားတယ်လို့ ဒဏ်ရာရ လူနာတွေကို ကူညီနေ တဲ့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ်စိုးရိမ်ရတဲ့ လူနာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

“မနေ့က ဟိုဘက်က ပြန်လာတဲ့သူတွေပြောပြတာက မနေ့ကလည်း သုံးဦး သွေးလွန်ပြီး ထပ်ဆုံးသွားတယ်။ ဆေးဝါးကုသမှု အမြန်မခံယူနိုင်လို့ပေါ့။ အခုလည်း လူနာ တော်တော်များများ ရှိနေသေးတယ်။ ဒီဘက်ပြန်လာလို့ မရတဲ့သူတွေ”

မနေ့က ထပ်မံသေဆုံးသူ သုံးဦးဟာ အရပ်သားတွေဖြစ်တယ်လို့လည်း ဒဏ်ရာရ လူနာတွေ အတွက် အကူအညီပေးနေသူနှစ်ဦးက RFA ကို ပြောပါတယ်။

ကေအိုင်အိုရဲ့ စာရင်းအရ အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၆၃ ဦး ရှိခဲ့တာကြောင့် ဒီနေ့အထိ သေဆုံးသူ ၆၆ ဦးအထိ ရှိလာပါတယ်။

ကနဦးသေဆုံးသူ ၆၃ ဦးထဲမှာ ကေအိုင်အို အမှုထမ်း ၄၆ ဦးနဲ့ အရပ်သား ၁၇ ဦးပါဝင်ပြီး ကနဦးဒဏ်ရာရသူ ၆၁ ဦးထဲမှာလည်း ကေအိုင်အို အမှုထမ်း ၃၃ ဦးနဲ့ အရပ်သား ၂၈ ဦး ပါဝင်တယ်လို့ ကေအိုင်အိုပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက RFA ကို မနေ့က ပြောဆို ပါတယ်။

အောက်တို ၂၃ ရက်နေ့ည ၉ နာရီဝန်းကျင်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ကြိုဆိုပွဲကို စစ်ကောင်စီက ဂျက်တိုက် လေယာဉ် သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ကေအိုင်အေ ဝန်ထမ်းတွေအပါအဝင် ပြည်သူတွေသေဆုံးခဲ့ကြတာလို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။

အသက်မသေဘဲ လွတ်မြောက်လာတဲ့ ဖားကန့်ဒေသခံ တစ်ဦးကတော့ ဗုံးကြဲခံရတဲ့နေရာ မှာ ပေတစ်ရာ ပတ်လည်အထိ အသားစတွေနဲ့ ဦးခေါင်းခွံတွေ တစ်စစီပြန့်ကျဲနေတာ ကြောင့် အမှန်တကယ်သေဆုံးတဲ့ စာရင်းဟာ ကေအိုင်အိုက ပြောဆိုတဲ့အရေအတွက်ထက် ပိုများနိုင်တယ်လို့ ပြောပါတယ်။

“ဟောခန်းထဲမှာကိုကျတာ။ ပြီးတော့ ဆန်ဂိုဒေါင်မှာ တစ်ခုကျတယ်။ ထမင်းချက်နေတဲ့ မီးဖိုချောင်မှာလည်း တစ်ခုကျတယ်။ ဟောထဲမှာရှိတဲ့ သူတွေက လွတ်လာတာ သိပ်မရှိ တော့ဘူး။ ဟောခန်းလည်း တစ်ခါတည်း မီးလောင်သွားတာ အကုန်တစ်စစီဖြစ်သွားတာ။ မီးဖိုချောင်ထဲက လူတွေလည်း အကုန်လုံးသေတယ်။ သေဆုံးသူက ပိုများနိုင်တယ်။ တောင်ဘက်အထိတောင် ဦးခေါင်းခွံတွေ၊ အသားစတွေ လွင့်သွားတာတောင် များတယ်။ ပျောက်သွားတဲ့ဟာတွေလည်းရှိတယ်။ လေယာဉ်က ဗုံးကျတဲ့ ပေတစ်ရာကျော်ထိ ခန္ဓာကိုယ်အပိုင်းအစတွေ ပြန့်ကျဲနေတာ။ လူတွေလည်း လွင့်ထွက်သွားတယ်”

ဒဏ်ရာ ရရှိတဲ့သူတွေထဲမှာလည်း ခြေ၊ လက်ပြတ်သွားတဲ့သူတွေလည်း အများအပြားရှိနေ တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ကံဆီးဂိတ်ကို ပိတ်ထားဆဲဖြစ်တာကြောင့် အရပ်သားလူနာတွေကို ကယ်ထုတ်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ ကေအိုင်အေ တပ်စခန်းနေရာကို စစ်ရေးအရ တုံ့ပြန်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး လက်နက်မဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်တာမရှိကြောင်းနဲ့ အဲဒီနေ့က ဖြစ်စဉ်အတွင်း သေဆုံးသူတွေဟာလည်း ကေအိုင်အေနဲ့ PDF အဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org