မိုးမောက်မြို့နယ်က ခမရ - ၃၈၇၊ ၃၂၀ အပါအဝင် တပ်စခန်းလေးခုကို KIA သိမ်းယူ
မိုးမောက်မြို့နယ် ကုန်းလောရွာ အခြေစိုက်စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ -၃၈၇၊ ၃၂၀ တို့ အပါအဝင် တပ်စခန်းလေးခုကို KIA ပူးပေါင်းအဖွဲ့က သိမ်းယူခဲ့ပါတယ်။
-
RFA Burmese
2024-03-26 -
-
-
[Update: 7:00 PM, March 26, 2024]
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ကုန်းလောရွာ အခြေစိုက်စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ -၃၈၇၊ ၃၂၀ တို့ အပါအဝင် တပ်စခန်းလေးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က မတ်လ ၂၆ ရက်မှာ သိမ်းယူခဲ့တယ်လို့ KIA က ပြောပါတယ်။
ကုန်းလောရွာ အခြေစိုက် ခမရ - ၃၈၇ နဲ့ မြို့သစ်အခြေစိုက် ခမရ- ၃၂၀ တပ်ရင်းတွေ အပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၅ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာပါ။
အဲဒီထဲက ခမရ - ၃၈၇ကို မတ်လ ၂၆ ရက် မနက် ၈ နာရီဝန်းကျင်မှာ သိမ်းယူခဲ့တာလို့ ရှေ့တန်းသတင်းအရင်းအမြစ်က ပြောပါတယ်။
“မနေ့ကတည်းက တိုက်နေတာ မြို့သစ်က တပ်ရင်းရောပါတယ်။ ကုန်းလောက တပ်ရင်းကိုတော့ ဒီမနက် ၈ နာရီလောက်က သိမ်းလိုက်ပြီ။ အဲဘက်ကို စစ်တပ်က မိုးမောက်ကနေလည်း လက်နက်ကြီးနဲ့ ထုတယ်။ လေယာဉ်နဲ့လည်း နှစ်ခါလောက်သွားပစ်တယ်"
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း လိုင်ဇာမြို့ကနေ မိုးမောက်မြို့အနီး ခြောက်မိုင်အကွာအထိ ကားလမ်းမတစ်လျှောက်က တပ်စခန်းအားလုံးနီးပါးကို သိမ်းယူထားနိုင်ပြီလို့ RFA ကို ပြောပါတယ်။
ကချင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကလည်း ဖုန်းလက်ခံမဖြေဆိုပါဘူး။
ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးနဲ့ မြစ်ကြီးနား-ဗန်းမော် ကားလမ်း တစ်လျှောက်စစ်ကောင်စီ တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက မတ်လ ၇ ရက်ကစလို့ ထိုးစစ်ဆင်နေတာပါ။
(မှတ်ချက်။ ဤသတင်းနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းအချက်အလက်များကို ဖြည့်စွက်ရေးသားထားပါသည်။)