လိုင်ဇာအနီးက အရေးပါတဲ့ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းယူ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့နဲ့ လက်နက်ကြီးတစ်ကမ်းမှာရှိတဲ့ ဘွမ်ရယ် (Bum Re) စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။ Kachin News Group

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့နဲ့ လက်နက်ကြီးတစ်ကမ်းမှာရှိတဲ့ ဘွမ်ရယ် (Bum Re) စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

"၂ နာရီခွဲလောက်မှာ ဘွမ်ရယ်တောင်စခန်းကို ဝင်စီးပြီးမှ နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်။ စကခ (၂၁) ဗျူဟာမှူးထိုင်တဲ့စခန်း ဖြစ်ပါတယ်။ အင်အားဘယ်လောက်ရှိတာဆိုတာတော့ မသိဘူး။ ဒါပေမဲ့ လိုင်ဇာကို ခြိမ်းခြောက်တဲ့ ပင်မစခန်း ဖြစ်ပါတယ်။ မြစ်ကြီးနား-ဗန်းမော် ကားလမ်းရဲ့အရှေ့ဘက်က အဓိက အထိုင်စခန်းတစ်ခု ဖြစ်ပါတယ်"

ဘွမ်ရယ်ဘွမ် (Bumre Bum) တပ်စခန်းဟာ မြစ်ကြီးနား-ဗန်းမော်လမ်း နားလုံကျေးရွာအနီးက တောင်ကုန်းပေါ်မှာ အထိုင်ချထားတဲ့ တပ်စခန်းဖြစ်ပြီး လိုင်ဇာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၇ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စခန်းကိုလက်မလွှတ်ရရေး လေကြောင်းနဲ့ပါ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ တပ်စခန်းတွေဖြစ်တဲ့ ခယာဘွမ်၊ ဖွန်းပျဲန်ဘွမ်၊ ခလရ (၂၃၇)နဲ့ ခလရ (၁၄၂) စတဲ့စခန်းတွေ အပါအဝင် တပ်စခန်းပေါင်း နှစ်ဆယ်ကျော်ကို သိမ်းပိုက်ထားနိုင်ပြီလို့ ဗိုလ်မှူးကြီး နော်ဘူကပြောပါတယ်။

ကချင်ပြည်နယ် မိုးမောက်၊ မံစီ၊ ဖားကန့်၊ ဗန်းမော်၊ ဆွပ်ပရာဘွမ်နဲ့ မိုးညှင်းမြို့နယ်တွေမှာ ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ တိုက်ပွဲတွေစတင်လာပြီး စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ဘေးလွတ်ရာမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org