တရုတ်-မြန်မာနယ်စပ်အနီးက နယ်ခြားစောင့်တပ်ရင်းကို KIA ထပ်မံသိမ်းယူ
တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့ကို လုံခြုံရေးယူပေးနေတဲ့ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို အတည်ပြုပါတယ်။
-
RFA Burmese
2024-10-22 -
-
-
ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့ကို လုံခြုံရေးယူပေးနေတဲ့ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို အတည်ပြုပါတယ်။
ဒီတပ်ရင်းဟာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ၀ိုင်းမော်-ကန်ပိုက်တီလမ်းပေါ်မှာရှိပြီး ကန်ပိုက်တီမြို့ကို လုံခြုံရေးယူပေးနေတဲ့တပ်ဖြစ်တဲ့အတွက် အရေးပါတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"မနေ့က သိမ်းတဲ့တပ်က ကန်ပိုက်တီကို လုံခြုံရေးယူပေးတဲ့စခန်းပေါ့။ ပြီးတော့ မနေ့က ပန်ဝါ အထက် နယ်ခြားမှတ်တိုင် အမှတ် (၅) နဲ့ (၆) ကြား တပ်စခန်းတစ်ခုလည်း သိမ်းတယ်။ ဗန်းမော်-မိုးမောက်ဘက်လည်း စစ်ကောင်စီတပ်တွေ သံချက်ကာကားနဲ့ တက်လာပြီး တိုက်ပွဲပြင်းထန်နေတာ နှစ်ရက်ရှိပြီ"
အဲဒီတပ်စခန်းအနီးမှာ ဘိန်းစိုက်ခင်းတွေလည်း ဧက ရာနဲ့ချီရှိနေပြီး အဲဒီဘိန်းစိုက်ခင်းအတွက်လည်း လုံခြုံရေးယူပေးတဲ့ တပ်ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီတပ်ရင်းကို သိမ်းပိုက်ပြီးတဲ့နောက် ကန်ပိုက်တီမြို့ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမှာ စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"၁၀၀၃ တော့ မနေ့ကသိမ်းပြီ။ ၁၀၀၃ ပြီးရင်တော့ လမ်းပိုင်းမှာ ဂိတ်ထိုင်ပြီး ပိုက်ဆံတောင်းတဲ့ ဂိတ်နှစ်ခုလောက်ပဲ ရှိတော့တယ်။ ကန်ပိုက်တီမှာတော့ စစ်ကောင်စီတပ်ရင်းတစ်ခုနဲ့ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေ ရှိသေးတယ်။ ဒေသခံတွေလည်း အခု ကန်ပိုက်တီဘက် တိုက်ပွဲဆက်လာမှာကို စိုးရိမ်လို့ တိမ်းရှောင်နေကြတယ်"
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကချင်ပြည်နယ် ချီဖွေခရိုင်ထဲမှာ နယ်ခြားစောင့်တပ်ရင်း အမှတ် (၁၀၀၁)၊ (၁၀၀၂) နဲ့ (၁၀၀၃) တပ်ရင်းသုံးခုရှိပြီး အဲဒီအထဲက နှစ်ခုကို KIA က သိမ်းပိုက်ထားပြီးဖြစ်တာကြောင့် အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်းတစ်ခုသာ ကျန်ရှိပါတယ်။
၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေ အခုအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ စတဲ့ မြို့ ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ပန်ဝါနဲ့ လွယ်ဂျယ်အပါအဝင် KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကိုတော့ အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းကစလို့ တရုတ်နိုင်ငံဘက်က ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။