မိုးမောက်မြို့ကို KIA သိမ်းပိုက်

မိုးမောက်မြို့က နောက်ဆုံး လက်ကျန်ဖြစ်တဲ့ အဲဒီတပ်ရင်းကို ဇူလိုင် ၂၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

မိုးမောက်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သော နေအိမ်အား ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

ကချင်ပြည်နယ် မိုးမောက်မြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ - ၄၃၇ ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေက သြဂုတ်လ ၁၉ ရက် ဒီနေ့ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မိုးမောက်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်နိုင်ပြီလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

ဒီနေ့ ညနေ သုံးနာရီကျော်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ခမရ-၄၃၇ ကို ညနေ ၃ နာရီ ၁၅ မိနစ်မှာ အပြီးသတ်သိမ်းနိုင်ပြီလို့ အတည်ပြုလာပြီ။ စစ်ကောင်စီက လေကြောင်းနဲ့ ပြန်လာပစ်တာတွေလည်း ရှိနေတယ်။ အခုက မိုးမောက်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားပြီလို့ ပြောလို့ရပြီ”

မိုးမောက်မြို့က နောက်ဆုံး လက်ကျန်ဖြစ်တဲ့ အဲဒီတပ်ရင်းကို ဇူလိုင် ၂၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီတပ်ရင်းဟာ ဗန်းမော်မြို့မှာ အခြေစိုက်ထားတဲ့ အမှတ် (၂၁) စစ်ဆင်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၂၁ ) ရဲ့ လုံခြုံရေးအတွက် အရေးပါတဲ့ တပ်စခန်းဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မိုးမောက်တိုက်ပွဲမှာ အနီးကပ် ကွပ်ကဲနေတဲ့ စကခ-၂၁ က ဒုတိယစကခမှူးလည်း ထွက်ပြေးသွားပြီလို့ သူက ဆိုပါတယ်။

မိုးမောက်မြို့နဲ့ ဗန်းမော်မြို့ဟာ ခုနစ်မိုင်သာ ကွာဝေးတာကြောင့် စကခ-၂၁ အခြေစိုက်ရာ ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မိုးမောက်မြို့အပြင် ကချင်ပြည်နယ်အတွင်း ဒေါ့ဖုန်းယန်၊ မြို့သစ်၊ လွယ်ဂျယ်၊ မြို့လှ၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နဲ့ ဆဒုံးမြို့ စတဲ့မြို့တွေအပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း နှစ်ရာခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org