လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ဝိုင်းမော်တိုက်ပွဲမှာ သေဆုံး

KIA နဲ့ ပူးပေါင်းတပ်တွေက အောင်မြသစ်ကျေးရွာက ဦးရွှေမင်းရဲ့ ပြည်သူ့စစ်စခန်းကို တိုက်ခိုက်ချိန်မှာ သေဆုံးသွားတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီက ချီးမြှင့်သည့် သီရိပျံချီဘွဲ့ လက်ခံရယူပြီးနောက် မြစ်ကြီးနားမြို့သို့ ပြန်ရောက်လာသော လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်း (ခ) ဆီဖာလာလူးကို မြစ်ကြီးနားလေဆိပ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Lisu National Development Party

စစ်ကောင်စီလက်အောက်ခံ လီဆူ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဟာ မတ်လ ၇ ရက် ဒီနေ့မနက်ပိုင်းက ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာအနီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့တိုက်ပွဲအတွင်း သေဆုံးသွားပြီလို့ အမည်မဖော်လိုတဲ့ KIA သတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

“အတည်ပြုလို့ရပြီ၊ ဒီမနက် ဝိုင်းမော် အောင်မြေ (၁) ရွာနားက တိုက်ပွဲမှာ စစ်ကူလာတဲ့အချိန် တိုက်ခံရပြီး ဆုံးသွားတယ်”

KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း KIA နဲ့ ပူးပေါင်းတပ်တွေက အောင်မြသစ်ကျေးရွာက ဦးရွှေမင်းရဲ့ ပြည်သူ့စစ်စခန်းကို တိုက်ခိုက်ချိန်မှာ သေဆုံးသွားတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့လည်း အဲဒီလိုတော့ ကြားပါတယ်။ အလောင်းကိုကြည့်လိုက်ရင်လည်း သူနဲ့တော့ တော်တော်လေးတော့ ဆင်ပါတယ်။ ဒါပေမယ့် သူတို့ဘက်ကနေ သတင်းကတော့ မကြားရသေးပါဘူး။ နောက် ခိုင်မာတဲ့သတင်းလို့ ပြောရမှာပေါ့။ ဒီမနက် သူ့သမီးရဲ့ကားနဲ့ တိုက်ပွဲဖြစ်တဲ့နေရာလာတာ၊ အဲဒီနေရာမှာ ကျသွားတယ်လို့တော့ သိရတယ်။ သေချာလောက်ပြီထင်တယ်”

ဦးရွှေမင်းရဲ့ ပြည်သူ့စစ်တပ်စခန်း အပါအဝင် မြစ်ကြီးနား- ဗန်းမော် ကားလမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ဒီနေ့မနက်ပိုင်းက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီအထိ စခန်းငယ်တွေနဲ့ လိုင်ဇာနားက အဓိကကျတဲ့ ဖွန်ပျဲန်ဘွမ် (Hpun Pyen Bum) တပ်စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့က အရာရှိတစ်ဦးလည်း အခုချိန်ထိ ဖုန်းဆက်သွယ်လို့ မရတော့ဘူးလို့ ပြောပါတယ်။

“မသိတော့ဘူး။ ဖုန်းဆက်လို့တောင်မရဘူး။ သူက ကျွန်တော်တို့ကို လာခေါ်တဲ့အချိန်မှာ အင်းလေးမှာ တိုက်ပွဲဖြစ်လို့ ကားတောင်မှ နှစ်စီး မီးရှို့ခံလိုက်ရတယ်။ အောင်မြင် (၁) မရောက်ခင် ဘုန်းကြီးကျောင်းနား အင်းလေးမှာ ဖြစ်သွားတာ”

စစ်ကောင်စီဘက်က သတင်းတွေတင်ဆက်နေတဲ့ People Media Telegram ချန်နယ်မှာလည်း ဒီမနက်က အောင်မြေသစ်ကျေးရွာက အင်လုံတံတားအနီး တိုက်ပွဲမှာ ဦးရွှေမင်း သေဆုံးသွားတာဖြစ်ပြီး KIA က အလောင်းရရှိထားတာလို့ ရေးသားထားပါတယ်။

လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဟာ စစ်ကောင်စီကချီးမြှင့်တဲ့ သီရိပျံချီဘွဲ့ကို ရထားသလို၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် အနိုင်ရထားတဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ အရင်ကတည်းက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သလို လူမှုကွန်ရက် ဖေ့ဘွတ် စာမျက်နှာမှာလည်း KIO ဆန်ကျင်ရေးတွေ တင်တာ တွေ့ရပါတယ်။

ဦးရွှေမင်းခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ လီဆူလူမျိုးတွေ တစ်အိမ်တစ်ယာက် စစ်မှုမထမ်းမနေရ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ဝိုင်းမော်မှာ လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေတာပါ။

ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ကမှ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ်တွေနဲ့အတူ KIA ကို တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org