ထန်တလန် ခွာဖိုးရွာ လေကြောင်းဗုံးကြဲခံရပြီး ဒေသခံ ၁၀ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရ

ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ခွာဖိုး ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၃၀ ရက်နေ့ ဒီနေ့မနက် ၁၀ နာရီမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ခွာဖိုး ကျေးရွာအား တွေ့ရစဉ်။ Lungmili Post

ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ခွာဖိုး ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၃၀ ရက်နေ့ ဒီနေ့မနက် ၁၀ နာရီမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၀ ဦးသေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်နှစ်စီးနဲ့ ခွာဖိုးကျေးရွာအပေါ်ကို ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“ဒီနေ့မနက်ပိုင်းမှာ လာတိုက်သွားတာ။ တိုက်ပွဲလည်း မရှိဘဲနဲ့ ရွာပေါ်ကို ဗုံးနဲ့ကြဲချသွားတာ။ ဒဏ်ရာရသူတွေလည်း တော်တော်များတယ်။ စာရင်းကတော့ ကောက်နေတုန်း၊ လောလောဆယ် သေဆုံး ၁၀ ဦးနဲ့ ဒဏ်ရာရ ၂၀ ဦးရှိတယ်”

ကနဦးစာရင်းတွေအရ သေဆုံးသူတွေထဲမှာ ဒေါ်ငွန်ဒေါ့၊ ဒေါ်ဆုန်လိန်၊ ဒေါ်လန်ဇီ၊ ဦးရှန့်ကျုံးဘိ၊ ဦးဗန်ဒု၊ ဦးကပ်လျန်၊ ဦးကျုံးလိန်၊ မန်ခန့်နူး တို့ပါဝင်တယ်လို့ CNF က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲချမှုကြောင့် ဗုံးမှန်ပြီး ခွာဖိုးရွာက နေအိမ်တွေ မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဟာ Mi 35 လေယာဉ်နဲ့ ထန်တလန်မြို့ပေါ် ဒေသကာကွယ်ရေးအဖွဲ့တွေရှိမယ့် နေရာတွေကိုလည်း ဗုံးကြဲချခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ပြောပါတယ်။

ထန်တလန်မြို့နယ် ခွာဖိုးကျေးရွာကို လေယာဉ်နဲ့ဗုံးကြဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းဆက်သွယ်ခဲ့ရာမှာလည်း လက်ခံဖြေကြားခြင်း မရှိပါဘူး။

ခွာဖိုးကျေးရွာဟာ ထန်တလန်မြို့နဲ့ ၅ မိုင်ကွာဝေးပြီး အိမ်ထောင်စု ၅၃ စုနဲ့ လူဦးရေ ၂၃၀ ကျော် နေထိုင်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org