ဖမ်းဆီးခံထားရတဲ့ ခင်ဦးဒေသခံ သုံးဆယ်နီးပါး ပြန်မလွတ်သေး

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာစဉ် ဖမ်းဆီးခံထားရတဲ့ ခင်ဦးမြို့နယ် မြင်းဒေါင်းရွာက အရပ်သား သုံးဆယ်နီးပါး ဇန်နဝါရီ ၅ ရက်မနက်ပိုင်းအထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာစဉ် ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြင်းဒေါင်းရွာက အရပ်သား သုံးဆယ်နီးပါး ဇန်နဝါရီလ ၅ ရက် ဒီနေ့ မနက်ပိုင်းအထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်ဝါရီလ ၃ ရက်နေ့မှာ စစ်ကြောင်းက မြင်းဒေါင်းရွာကို ဝင်ရောက်စီးနင်းစဉ် ရွာသူ၊ ရွာသားတွေကို ဖမ်းဆီးခဲ့ တာဖြစ်ပြီး ဒီနေ့အထိ စစ်ကြောင်းပြန်မထွက်သေးလို့ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေလည်း ပြန်မလွတ်သေး ဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကြောင်းက ဒီမနက်ကတည်းက လှုပ်နေတာတော့ရှိတယ်။ အရှေ့ဘက် သွားမလိုလို အရှေ့တောင်ဘက်ကို သွားမလိုလိုနဲ့ ပြန်ထွက်ဖို့ လုပ်နေတယ်။ သူတို့ ပြန်မထွက်သေးတော့ ဖမ်းခံထားရတဲ့ ဒေသခံတွေရဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး"

ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေထဲမှာ မြင်းဒေါင်းရွာခံအများစုပါဝင်ပြီး သူတို့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရသေးဘူးလို့ သူက ဆိုပါတယ်။

စစ်ကြောင်းဝင်လာတဲ့အတွက် မြင်းဒေါင်းရွာအပါအဝင် အနီးတစ်၀ိုက်ရွာတွေမှာ နေထိုင်ကြသူတွေဟာလည်း စစ်ကြောင်းနဲ့ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းရဲ့ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ တိုက်ပွဲတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော်လာပြီလို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org