ခင်ဦး ရွာသစ်ရွာမီးရှို့ခံရပြီး ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရွာသစ်ရွာကို ဇန်နဝါရီလ ၂၈ ရက်မနက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အရပ်သား တစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရွာသစ်ရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရွာသစ်ရွာကို ဇန်နဝါရီလ ၂၈ ရက်မနက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အရပ်သား တစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မနက် ၆ နာရီမှာ ရွာသစ်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်ခုနစ်လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာသစ်ရွာမှာ ခုနစ်အိမ် မီးရှို့ခံလိုက်ရတယ်။ နောက်ပြီးတော့ ကင်းတဲတွေရော၊ စစ်ဘေးရှောင် လူကူးတံတားလေးရော မီးရှို့သွားတယ်။ အဲဒီခုနစ်အိမ်ကို သူတို့မီးရှို့နေတုန်း ဒီဘက်က ရွာသစ်ကုန်းခွေးခြံကို လက်နက်ကြီးနဲ့ ထုလိုက်တော့ ကျန်တဲ့ အိမ်တွေတော့ မီးရှို့ခံရမှာကနေ လွတ်သွားတယ်ပေါ့"

ရွာသစ်ရွာဒေသခံအများစု ထွက်ပြေးနိုင်ခဲ့ပေမယ့် ဒေသခံတချို့ဖမ်းဆီးခံလိုက်ရပြီး အမျိုးသမီးလေးဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ လုံခြုံရေးကိစ္စတွေကို မဖြေနိုင်ဘူးလို့ RFA ကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၅၉ ရွာက နေအိမ် ၂၉၃၀ လုံး မီးရှို့ခံခဲ့ရပြီး နေအိမ်ဆုံးရှုံးခဲ့ရသူ တစ်သောင်းခွဲနီးပါးရှိတယ်လို့ ဒေသတွင်း စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org