ကလေးမြို့နယ်က အိမ်ခြေတစ်ထောင်ခန့်ရှိတဲ့ ပြည်တော်သာရွာ မီးရှို့ခံရ

ကလေးမြို့နယ် မြောက်ပိုင်းက အိမ်ခြေ တစ်ထောင်ခန့်ရှိတဲ့ ပြည်တော်သာကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး မေ ၁ ရက် မနေ့ညနေပိုင်းက နေအိမ်တွေ မီးရှို့ခံခဲ့ရပါတယ်။

ပြည်တော်သာကျေးရွာ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းက အိမ်ခြေ တစ်ထောင်ခန့်ရှိတဲ့ ပြည်တော်သာကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် မေလ ၁ ရက် မနေ့ညနေပိုင်းက နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ကလေးမြို့ နယ်တော်လှန်ရေး ပူးပေါင်းတပ်တို့ ဧပြီလ ၃၀ ရက်နေ့နဲ့ မေလ ၁ ရက် နေ့တွေမှာ ပြည်တော်သာကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားရာကနေ နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကလေးမြို့ မြောက်ပိုင်းက ဒေသခံတွေ ထွက်ပြေးကြတာကြာပါပြီ။ အခု ပြည်တော်သာရွာကို စကစ က စစ်ကြောင်းထိုးတာ ဒရုန်းနဲ့လည်းလာတိုက်တော့ ကျွန်မတို့လည်း ထွက်ပြေးတာ သုံးရက်လောက်ရှိပြီ။ ရွာနားက ယောကျ်ားတွေက စောင့်ကြည့်နေတာက လွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး"

ပြည်တော်သာကျေးရွာက ဒေသခံတွေအားလုံး ထွက်ပြေးနေရတာကြောင့် လူနေအိမ် ဘယ်လောက် မီးရှို့ခံရတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ကလေးမြို့ မြောက်ပိုင်းမှာ ဧပြီလ ၅ ရက်နေ့ကစလို့ ရွာခြောက်ရွာက လူနေအိမ် ခြောက်ရာကျော် မီးရှို့ခံထားရပြီး ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေတဲ့သူတွေက RFA ကို ပြောပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org