ကလေး-တမူး လမ်းမှာ စစ်ကောင်စီ တပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရ
ကလေး - တမူး လမ်းမပေါ်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီ တပ်သားတွေကို ဇိုမျိုးနွယ်စု ကာကွယ်ရေးတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ပါတယ်။
- 2022-01-27
-
-
-
စစ်ကိုင်းတိုင်း ကလေး - တမူး လမ်းမပေါ်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီ တပ်သားတွေက အရပ်ဘက် ကားငါးစီးနဲ့သွားနေချိန် ကျွန်းတောရေရှင်နဲ့ ဖက်ယားကျေးရွာ အနီးအရောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဇိုမျိုးနွယ်စု ကာကွယ်ရေးတပ်ဖွဲ့ (ZDF) က ဇန်နဝါရီလ ၂၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို ကလေး PDF အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဘက်က ခြောက်ဦးသေဆုံး ခဲ့သလို နာရီဝက်နီးပါးကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
PDF အဖွဲ့တွေဘက်ကတော့ အထိအခိုက် အမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကား၊ ဆိုင်ကယ် အသွား အလာတွေကို တင်းကျပ်စစ်ဆေးခဲ့တယ်လို့ တမူးဒေသခံတွေက ပြောပါတယ်။
တမူးမြို့မှာ ဇန်နဝါရီ ၁၇ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ယာဥ်တန်းဟာ ရန်လင်းဖိုင်နဲ့ ဝိတုတ်ကျေးရွာအနီးမှာ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်း ငါးဦး သေဆုံးခဲ့သလို ဇန်နဝါရီ ၁၀ ရက်နေ့မှာလည်း တမူး-ကလေး လမ်းမကြီးဘေးက အုတ်ဖို ကန်ဘောင် အကျဥ်းစခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ထောင်မှူး အပါအဝင် အကျဥ်းဝန်ထမ်း ၁၁ ဦးသေဆုံးခဲ့တယ်လို့ တမူး PDF ကထုတ်ပြန်ထားပါတယ်။