KIA ထိန်းချုပ်နယ်မြေက ရွှေတူးဖော်ရေးလုပ်ငန်း ရပ်တန့်ဖို့ ဒေသခံတွေ တောင်းဆို

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဇန်နောင်ယန်ကျေးရွာက မုတ်သုံတောမှာ စက်ယန္တရား နဲ့ ရွှေတူးဖော်နေတာကို ရပ်တန့်ပေးဖို့ ဒေသခံတွေက မြစ်ကြီးနားမြို့မှာ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဇန်နောင်ယန်ကျေးရွာက မုတ်သုံတောမှာ ရွှေတူးဖော်နေတာကို တွေ့ရစဉ် Photo: CJ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဇန်နောင်ယန်ကျေးရွာက မုတ်သုံတောမှာ စက်ယန္တရားနဲ့ ရွှေတူးဖော်နေတာကို ရပ်တန့်ပေးဖို့ ဒေသခံတွေက မြစ်ကြီးနားမြို့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုလိုက်ပါတယ်။

မုတ်သုံတောဟာ ဒေသခံတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သလို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ အတွက် ရပ်တန့်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ချီဖွေမြို့ဒေသခံ ဦးလွမ်းဇောင်းက ပြောပါတယ်။ တောင်းဆို ချက်တွေကို KIA အဖွဲ့ကိုလည်း မကြာခင်စာပေးပို့သွားမယ်လို့လည်း ပြောပါတယ်။

ရွှေတူးဖော်နေတဲ့နေရာဟာ KIA ထိန်းချုပ်နယ်မြေမှာဖြစ်တဲ့အတွက် KIA အဖွဲ့က တူးဖော်နေတယ်လို့ ဒေသခံတွေ က သုံးသပ်ပြောဆိုကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာလည်း အဲဒီနေရာမှာ ရွှေတူးဖော်မှုတွေရှိခဲ့တဲ့အတွက် ရပ်တန့်ပေးဖို့ KIA ကို စာတင်ပြ တောင်းဆိုတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအချိန်က မိုးတွင်းကာလကစပြီး ရွှေတူးဖော် မှုတွေက ရပ်တန့်သွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကစပြီး ပြန်လည်တူးဖော်တာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

အရင်တူးခဲ့တဲ့နေရာမှာ ကမ်းပါးပြိုတာတွေ သစ်ပင်ပျက်စီးဆုံးရှုံးတာတွေရှိခဲ့တဲ့အတွက် အဲဒီနေရာတွေကိုလည်း ပြန်လည်မွမ်းမံပေးစေချင်တယ်လို့ ဦးလွမ်းဇောင်းက ပြောပါတယ်။

ဇန်နောင်ယန် မုတ်သုံတောမှာ ရွှေတူးဖော်တာရှိကောင်းရှိနိုင်ပေမဲ့ မုတ်သုံတောကို ထိခိုက်နိုင်လောက်တဲ့ထိတော့ အခြေအနေမရှိကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

မုတ်သုံတောမှာရှိတဲ့ ရိုးရာယဉ်ကျေးမှု မနောတိုင်တွေ အေအိုင်အေက တာဝန်ယူတည်ဆောက်ထားတဲ့ အမွေ အနှစ်တွေဖြစ်တဲ့အတွက် ပျက်စီးသွားအောင် KIA က ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒေသခံတွေပြောဆိုတဲ့ KIA အဖွဲ့က ရွှေတူးနေတယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်းမရှိပါဘူး။

ချီဖွေမြို့နယ်၊ လာချိဒ်စာပေနှင့်ယဉ်ကျေးမှုကော်မတီကလည်း အခုလိုရွှေတူးဖော်တာဟာ ယဉ်ကျေးမှု အမွေအနှစ်နဲ့ သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်နှစ်နာဆုံးရှုံးတာကြောင့် အလိုမရှိကြောင်း ဒီဇင်ဘာ ၉ ရက်နေ့က သဘောထားထုတ်ပြန်ထားပါတယ်။

ရွှေတူးဖော်နေတဲ့ မုတ်သုံတောမှာ ချီဖွေမြို့ကို အလည်အပတ်လာတဲ့ ခရီးသည်တွေ သွားရောက်လည်ပတ် လေ့ရှိတဲ့နေရာဖြစ်သလို လူငယ်၊ အမျိုးသမီးဘာသာရေးအဖွဲ့တွေလည်း အားသစ်လောင်းပွဲတွေပြုလုပ်လေ့ ရှိတဲ့နေရာဖြစ်ပါတယ်။

ချီဖွေမြို့နယ်မှာ ရွှေတူးဖော်မှုအပြင် မြေရှားသတ္တုတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ရပ်တန့်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org