ကချင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းပြတ်နေတာ ဆယ်ရက်ရှိလာ

ကချင်ပြည်နယ်တစ်ခုလုံးမှာ ဇူလိုင် ၂၁ ရက်နေ့ကစလို့ ဇူလိုင် ၃၀ ရက် ဒီနေ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ဆယ်ရက်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Mytel ရုံးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။

ကချင်ပြည်နယ်တစ်ခုလုံးမှာ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ဇူလိုင်လ ၃၀ ရက် ဒီနေ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ဆယ်ရက်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ မြစ်ကြီးနား ဒေသခံတစ်ဦးကတော့ မိသားစုနဲ့ အဆက်အသွယ်မရ ရက်ကြာလာတာကြောင့် စိုးရိမ်နေရတယ်လို့ RFA ကို ပြောပါတယ်။

“ဖုန်းနဲ့ အင်တာနက်လိုင်းမရတာ ဒီနေ့ဆိုရင် ဆယ်ရက်ရှိပြီ။ မိသားစုနဲ့ ဆက်သွယ်လို့မရဘူး။ ဘာဖြစ်နေမှန်းလည်း မသိဘူး။ မြစ်ကြီးနားမှာ တချို့နေရာတွေမှာက ဖုန်းက ဆက်လို့ရတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက မိသားစုနဲ့ ဆက်လို့မရသေးဘူး။ မိသားစုကို ငွေလွှဲပေးဖို့လည်း ငွေပေးလို့မရဘူးဖြစ်နေတယ်”

စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို RFA က မေးမြန်းတဲ့အခါ ဘာကြောင့် ဆက်သွယ်ရေးလိုင်းတွေပြတ်နေတယ်ဆိုတာ သူ့အနေနဲ့ သေချာမသိတဲ့အတွက် ဆက်သွယ်ရေးအော်ပရေတာတွေကိုပဲ မေးဖို့ပြောပါတယ်။

ကချင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၈ ခုရှိပြီး လူဦးရေ တစ်သန်းကျော် နေထိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲနိုင်တဲ့အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ မြန်မာအင်တာနက်စီမံကိန်းက ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂ဝ၂၄ ဇူလိုင် ၂၂ အထိ စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ အင်တာနက် ဖြတ်တောက်ထားတဲ့နေရာ ၂၄၉ ခုအထိ ရှိပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အင်တာနက်ဖြတ်ခံရတဲ့နေရာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ ကချင်ပြည်နယ်နဲ့ တတိယကတော့ ချင်းပြည်နယ်မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org