ကချင်လယ်သမားများ ဗဟန်းမြို့နယ်မှာ ဆန္ဒပြခွင့်လျှောက်ထား
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသမှာ ယုဇနကုမ္ပဏီ အသိမ်းခံရတဲ့ လယ်ယာမြေများ ပိုင်ရှင် ကချင်တောင်သူ လယ်သမားဦးကြီးတွေက ဗဟန်းမြို့နယ်ရှိ ယုဇနကုမ္ပဏီ ရှေ့မှာ သုံးရက်ဆက် ဆန္ဒပြခွင့် လျှောက်ထားရာမှာ ဒုတိယနေ့အတွက် လျှောက်လွှာ တင်သွင်းတာကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက လက်ခံခြင်း မရှိဘူးလို့သိရပါတယ်။
-
2012-08-27 -
-
-
သြဂုတ်လ ၃၀၊ ၃၁ ရက်နေ့တွေနဲ့ စက်တင်ဘာ ၁ ရက်နေ့ တို့အတွက် ဆန္ဒပြခွင့်၊ စီတန်း လှည့်လည်ခွင့်တို့လျှောက်ထားရာမှာ ၃၀ ရက်နေ့အတွက် ၂၅ ရက်နေ့က လျှောက်လွှာတင်တာ လက်ခံခဲ့ပေမဲ့ ၃၁ ရက်နေ့ အတွက် ၂၆ ရက်နေ့မနေ့ကလျှောက် လွှာတင်တာ လက်သင့်ခံဖို့ ငြင်းဆိုခဲ့ကြောင်း လယ်သမားကြီးတွေကို အကူအညီပေးနေတဲ့ NDF ပါတီက ဒေါ်ဘောက်ဂျာက ပြောပြပါတယ်။
၃၁ ရက်နေ့အတွက် ငါးရက်ကြို လျှောက်ရမယ်ဆိုတဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်အရ လျှောက်လွှာတင်ရာမှာ ဆက်တိုက်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာလို့ ဒေါ်ဘောက်ဂျာက ပြောပြပါတယ်။
- "မနေ့က သွားတင်တဲ့ အခါကျတော့ သူတို့က ဆက်တိုက်လည်း မပေးနိုင်ဘူးတဲ့။ ဗဟန်းမြို့နယ်ထဲမှာလည်း စီတန်းလှည့်လည်မယ် ဆိုရင်လည်း ဘယ်မှာလှည့် မလဲတဲ့ ဆိုတော့ ကျွန်မက ရွှေဂုံတိုင်လမ်းမလို့ ပြောတာကို သူတို့က အဲတာလည်း မပေး နိုင်ဘူး။ ဒါဆိုရင် ဘယ်မှာ ပေးနိုင်မလဲလို့ ပြောတော့ ဒါလည်း သူတို့မပြောနိုင်ဘူးတဲ့။ ဆိုတော့ မနက်ဖြန် ရုံးဖွင့်ချိန်မှာမှပဲ တင်ပါလို့ ပြောလို့ ပြန်တင်တဲ့ဟာကျတော့ ၃၁ ရက်နေ့ မဖြစ်နိုင်တော့တာလေ"
မနေ့က ညွှန်ကြားချက်အတိုင်း ဒီကနေ့သွားရောက် လျှောက်လွှာတင်ရာမှာတော့ ဥပဒေပါ ငါးရက် ကြိုတင်ရမဲ့ စည်းကမ်း သတ်မှတ်ချက်အရ ရက်လွန်သွားပြီဖြစ်လို့ ၃၁ ရက်နေ့အတွက် သတင်းစာ ရှင်းလင်းပွဲ လုပ်ဆောင်ဖို့ပြောင်းလဲ စီစဉ်ခဲ့ရတယ် လို့သိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ အတွက်တော့ စီတန်း လှည့်လည်ဖို့တောင်းခံခဲ့ပြီး ရရ-မရရ ဆန္ဒပြမှာ ဖြစ်ကြောင်းလည်း ဒေါ်ဘောက်ဂျာက RFA ကို ပြောဆိုပါတယ်။
ဟူးကောင်းချိုင့်ဝှမ်းဒေသ ကျေးရွာတွေက ဆင်းရဲနွမ်းပါးတဲ့ တောင်သူလယ်သမား ၂၀ ကျော်ဟာ အခုအခါမှာ ရန်ကုန်မြို့က ကိုယ့်စားရိတ် ကိုယ်ခံ ရောက်ရှိလာကြပြီး နီးစပ်ရာတွေမှာ အဆင်ပြေသလို တည်းခို နေကြရတယ်လို့သိရပါတယ်။ တောင်သူလယ်သမား အများစုဟာ သက်ကြီး ရွယ်အိုတွေဖြစ်ပြီး အသက် ၇၀ ကျော်သူတွေလည်း ပါဝင်တယ်လို့သိရပါတယ်။