မိုးညှင်းရထားမိုင်းထိ၊ မူဆယ်ဗုံးကွဲ
ဒီကနေ့ မနက် ၁ နာရီ ၁၀ မိနစ်ခန့်က မန္တလေး - မြစ်ကြီးနားသွား အမှတ် ၃၃ အိပ်စင် အဆန်ရထားဟာ မိုးညှင်း မြို့နယ် မော်ဟန်ကျေးရွာကနေ တစ်မိုင်အကွာမှာ မိုင်းထိပြီး တိမ်းမှောက်သွားတယ်လို့သိရပါတယ်။
-
2012-04-29 -
-
-
မိုင်တိုင်အမှတ် ၆၁၆/၁၂ ၊ တံတားအမှတ် ၅၃၄ မှာ မိုင်းကွဲရာမှာ တွဲ ၈ တွဲ တိမ်းမှောက် သွားပြီး ၂ ဦး ဒဏ်ရာရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
"စက်ခေါင်းအနောက်က သုံးတွဲမြောက် တဲ့တဲ့မှာ ပေါက်ကွဲတယ်။ ၃ တွဲက ကြမ်းပြင် ပေါက်ထွက်သွားတယ်။ ၃ တွဲရဲ့ နောက်က တွဲတွေကတော့ လမ်းချော်သွားတယ်။ စီးလာတဲ့ ဦးမျိုးမင်းထိုက် ခြေထောက်ကျုးိသွားတယ်။ ဦးခန်းမှာ စီးလာတဲ့ ကိုရင်တစ်ပါး ခြေမျက်စေ့ ကွဲသွားတယ်ပြောတယ်။ အသေအကျောက်တော့ မရှိဘူးဗျ။"
အခု အချိန်မှာ အစုန်-အဆန် ရထား ခရီးစဉ်တွေ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
အလားတူ မြန်မာ-တရုတ်နယ်စပ်မြို့ မူဆယ်မှာလည်း မနေ့ညက ဗုံးပေါက်ကွဲမှု
ဖြစ်ပွားသွားပါတယ်။ ရဲကားတစီးကို လက်လုပ်ဗုံးလို့ ယူဆရတဲ့ ဗုံးနဲ့ မနေ့ည ၉
နာရီခွဲလောက်က လှမ်းပစ်ရင်း ဗုံးပေါက်သွားတဲ့အတွက် ဖောက်ခွဲတဲ့လူ
သေဆုံးသွားတာပါ။ မော်တော်ဆိုင်ကယ်စီးလာသူ တစ်ဦးက ရဲကားကို လှမ်းပစ်တာဖြစ်တယ်လို့
ဒေသခံတဦးက ပြောပါတယ်။
"ရဲကားကို လှမ်းပစ်တာ။ စိန်ရတနာ ဟိုတယ်ရဲ့ အရှေ့ လမ်းအကွေ့ပေါ့နော်။ မြို့ပတ်လမ်း အစမှာ။ ည ၉ နာရီခွဲလောက်မှာ ဖြစ်တယ်ထင်တယ်။ ထိသွားတဲ့သူကတော့ လက်တွေဘာတွေ ပြတ်သွားတာပေါ့။ ခေါင်းကိုလည်း တခြမ်းထိတယ်ပြောတယ်။ ရဲကိုတော့ မထိသွားဘူး။ လက်လုပ်ဗုံးလို့ ပြောတယ်။ ဗုံးက မကောင်းတော့ ပစ်နေရင်းနဲ့ ကွဲတာ။ ခွဲတဲ့လူက သေသွားတယ်။ အိတ်ထဲမှာတော့ လက်နက် တစ်လက်ပါတယ်လို့တော့ ပြောသံကြားတယ်။"
ဒီဗုံးဖောက်ခွဲသူဟာ ဘယ်သူဘယ်ဝါမှန်း အတိအကျ မသိရသေးဘူးလို့လည်း ဒေသခံတွေက
ပြောကြပါတယ်။