ရေစကြိုမြို့နယ် ဘိစပ်ကုန်းရွာကို စစ်ကောင်စီတပ်ဝင်ရောက်မီးရှို့
စစ်ကြောင်းရှိနေတာကြောင့် မီးရှို့ခံရတဲ့ အိမ်အတိအကျ မသိရသေးဘူးလို့ ရေလယ်ကျွန်း ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဆရာရွှေကျွန်းကျော်က RFA ကို ပြောပါတယ်။
-
RFA Burmese
2025-03-18 -
-
-
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဘိစပ်ကုန်းရွာကို မတ်လ ၁၈ ရက်နေ့ နေလယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်စီးနေတယ်လို့ Yesagyo Township Info Committee က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းရှိနေတာကြောင့် မီးရှို့ခံရတဲ့ အိမ်အတိအကျ မသိရသေးဘူးလို့ ရေလယ်ကျွန်း ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဆရာရွှေကျွန်းကျော်က RFA ကို ပြောပါတယ်။
"စစ်ကြောင်းကလည်း မပြီးသေးတော့ကြောင့်လေ ကျွန်တော်တို့ အချက်အလက်အရ အတိအကျ မသိရသေးဘူး၊ ရေကြောင်းကလည်း ရှိနေတော့"
မတ်လ ၂ ရက်နေ့ကစပြီး ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နဲ့ ရေစကြိုမြို့က ခမရ (၂၅၆)၊ (၂၅၇)၊ (၂၅၈) တပ်ရင်းက စစ်သား အင်အားနှစ်ရာကျော်နဲ့ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုး စီးနင်းခဲ့တာလို့လည်း ပြောပါတယ်။
ရေလယ်ကျွန်းဒေသမှာ သတ်ဖြတ်ခံရသူ ၁၇ ဦးထက်မနည်းရှိပြီး မြေစွန်းတော်ရွာမှာ ကိုးဦး၊ သာဂေါ (ရွာမ)က သုံးဦး၊ မာလကာခြံရွာမှာ နှစ်ဦး၊ သာဂေါင်လေးရွာက တစ်ဦးပါဝင်ပြီး အတည်ပြုလို့မရသေးတဲ့သူ နှစ်ဦးရှိတယ်လို့လည်း မတ်လ ၁၄ ရက်နေ့က Yesagyo Township Info Committee အဖွဲ့တာဝန်ရှိသူက ပြောထားပါတယ်။
မတ်လ ၂ ရက်ကနေ ၄ ရက်နေ့အထိ မြေစွန်းတော်ရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့တာကြောင့် အိမ် ၂၆၆ လုံး ပျက်စီးခဲ့သလို မတ်လ ၅ ရက်နေ့ကလည်း ဇရပ်နီရွာက နေအိမ် ၆၈ လုံးကို မီးရှို့ခဲ့တယ်လို့ Yesagyo Township Info Committee က မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် သာဂေါင်လေးရွာက နေအိမ်အလုံးနှစ်ဆယ်ကျော်ကိုလည်း မတ်လ ၅ ရက်နေ့က မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။