လွှတ်တော်တွေပြန်စတင်ရေး ဘီလာရုစ်ခရီးစဉ်မှာ စစ်ခေါင်းဆောင်ဆွေးနွေး

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အဆင့်သင်ဖြစ်နေကြောင်း စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်အတွင်း ဘီလာရုစ် အောက်လွှတ်တော်ဥက္ကဋ္ဌ Igor Sergeyenko က ပြောခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘီလာရုစ်အောက်လွှတ်တော်ဥက္ကဋ္ဌ Igor Sergeyenko တို့ ဘီလာရုစ်နိုင်ငံ မင့်စ်မြို့တွင် ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့က တွေ့ဆုံနေစဉ်။ Myanmar Military

၂၀၂၅ ခုနှစ်နောက်ပိုင်းကနေ ၂၀၂၆ ခုနှစ်ပထမသုံးလပတ်အတွင်း လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ဘီလာရုစ်ခရီးစဉ်မှာ ပြောကြားခဲ့ကြောင်း ဘီလာရုစ်အစိုးရပိုင် သတင်းဌာန BELTA က မတ်လ ၇ ရက်နေ့မှာ ရေးသားပါတယ်။

ဘီလာရုစ်လွှတ်တော်အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အဆင့်သင်ဖြစ်နေကြောင်း စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်အတွင်း ဘီလာရုစ် အောက်လွှတ်တော်ဥက္ကဋ္ဌ Igor Sergeyenko က ပြောခဲ့ပါတယ်။

“နိုင်ငံတော်အဆင့် ပါလီမန်ရွေးကောက်ပွဲကို ၂၀၂၅ နှောင်းပိုင်းကနေ ၂၀၂၆ ပထမသုံးလပတ်မှာ ကျင်းပမယ်လို့ သင်က (စစ်ခေါင်းဆောင်က) ဒီနေ့ပြောတဲ့အတွက် လွှတ်တော်တွေကြား ဆက်ဆံရေးကို ပြန်လည်စတင်ဖို့နဲ့ ဒေသကြားဆက်ဆံရေးကို ခရီးစဉ်တွေနဲ့တွေ့ဆုံပွဲတွေကြား တိုးတက်လာဖို့ မျှော်လင့်ပါတယ်” လို့ ဘီလာရုစ် အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

စစ်ကောင်စီရဲ့ မတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ခေါင်းဆောင်ဟာ ဘီလာရုစ်သမ္မတနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မတ်လ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်မှာတော့ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်း ၁၃ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဘီလာရုစ်အစိုးရပိုင်သတင်းက ဖော်ပြပါတယ်။

အဲဒီသဘောတူညီချက်တွေထဲမှာ ဆေးဝါးမှတ်ပုံတင်ဆိုင်ရာကိစ္စရပ်တွေ အပါအဝင် ပညာရေးနဲ့ ကုန်ထုတ် လုပ်ရေးဆိုင်ရာကိစ္စတွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org