မြိုင်မြို့နယ် နှမ်းဆီကန်ရွာ မီးရှို့ခံရပြီး ဒေသခံ သုံးထောင်ကျော် တိမ်းရှောင်နေရ
မကွေးတိုင်း မြိုင်မြို့နယ် နှမ်းဆီကန်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာကြောင့် နေအိမ် လေးဆယ်ခန့် မီးလောင်ပျက်စီးပြီး ရွာမှာရှိတဲ့ အရပ်သား ၃၅၀၀ ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
-
RFA Burmese
2023-12-21 -
-
-
မကွေးတိုင်း မြိုင်မြို့နယ် နှမ်းဆီကန်ရွာကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာကြောင့် နေအိမ် လေးဆယ်ခန့် မီးလောင်ပျက်စီးပြီး ရွာမှာရှိတဲ့ အရပ်သား ၃၅၀၀ ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
နှမ်းဆီကန်ရွာနဲ့ သုံးမိုင်အကွာက စစ်တပ် အမြဲအထိုင်ချထားတဲ့ တွင်းမရွာကနေ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား တစ်ရာခန့်က ဝင်ရောက်စီးနင်းခဲ့တာလို့ နှမ်းဆီကန် ရွာသားတစ်ဦးက ပြောပါတယ်။
“မနေ့က မနက်ပိုင်းကတည်းက မီးစရှို့တာ။ အခုထိတော့ ဘယ်သူမှ ရွာကို မဝင်ကြသေးဘူး”
ဒီရွာမှာ အိမ်ခြေ သုံးရာနီးပါးရှိပြီး လူဦးရေ ၃၅၀၀ ခန့် နေထိုင်တယ်လို့ သူကဆိုပါတယ်။
မနေ့က စစ်ကြောင်းထွက်လာစဉ် ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အထိနာသွားတဲ့အတွက် ရွာကို မီးရှို့ခဲ့တာလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မိုင်းဆွဲခဲ့တဲ့ ဒဏ်ကြောင့် ရွာထဲက အိမ်ခြေ လေးဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာ ရှိတယ်ဗျ။ သူတို့ကို ပေပါမိုင်း နှစ်လုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်။ အီနာဂါ ဗုံးတွေနဲ့လည်း တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ ဒီဘက်မှာရှိတဲ့ လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး တိုက်ခိုက်ခဲ့တယ်”
လက်ရှိမှာတော့ စစ်ကြောင်းဟာ တွင်းမရွာကို ပြန်ရောက်သွားပြီလို့ သူက ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဒီစစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း တွင်းမရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ သာစည်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၅၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းကာလအတွင်း အရပ်သားနေအိမ် ရှစ်သောင်းနီးပါး (၇၇,၂၇၄ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။