လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားသူ ကိုးဦး ဖမ်းဆီးခံရ
အောက်တိုဘာ ၂၀ ရက်ကနေ ၂၄ ရက်အထိ ငါးရက်အတွင်း လူမှုကွန်ရက် စာမျက်နှာမှာ စစ်ကောင်စီကို ဝေဖန်ရေးသားသူ ကိုးဦးကိုဖမ်းဆီးထားကြောင်း စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
- 2023-10-24
-
-
-
အောက်တိုဘာ ၂၀ ရက်ကနေ ၂၄ ရက် ဒီနေ့အထိ ငါးရက်အတွင်း လူမှုကွန်ရက် စာမျက်နှာမှာ စစ်ကောင်စီကို ဝေဖန်ရေးသားသူ ကိုးဦးကို ဖမ်းဆီးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန လူမှုကွန်ရက် စာမျက်နှာနဲ့ ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အဖမ်းခံရသူတွေဟာ ရန်ကုန် စမ်းချောင်း၊ သင်္ဃန်းကျွန်းနဲ့ ဒဂုံမြို့သစ် တောင်ပိုင်းက ကိုစနေဖိုး၊ ဇွဲထွဋ်နောင်နဲ့ ကိုအောင်ကိုလတ်၊ မန္တလေးမြို့က ကိုနေရဲမင်းနဲ့ မသန့်သန့်၊ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က ကိုကျော်ကျော်၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ကိုဝင်းနိုင်နဲ့ ကိုကောင်းမြတ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မညိုမီကိုတို့ဖြစ်ပါတယ်။
သူတို့ ကိုးဦးဟာ ကိုယ်ပိုင် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာကနေ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အားပေးထောက်ခံတာ၊ လှုံ့ဆော်ဝါဒဖြန့်တာနဲ့ နိုင်ငံတည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်စည်းရုံးခဲ့တာတွေကြောင့် ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီ သတင်းစာတွေက ဖော်ပြပါတယ်။ ဘာပုဒ်မတွေနဲ့ တရားစွဲထားသလဲ ဆိုတာကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။
စစ်ကောင်စီ သတင်းစာတွေကနေ အကြိမ်ကြိမ် သတိပေးချက် ထုတ်ပြန်ရာမှာတော့ လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အာဏာသိမ်းထားတဲ့ စစ်တပ်က ဆန့်ကျင်သူမှန်သမျှအပေါ် ဖမ်းဆီးတာ၊ ရက်စက်တာတွေဟာ မထူးဆန်းတော့ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“အခုအချိန်က စစ်ကောင်စီ အာဏာသိမ်းထားတာ၊ တရားဥပဒေဆိုတာ သူတို့ဆီက ထွက်တာပဲ။ နောက်တစ်ခုက စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တဲ့ သူမှန်သမျှ ရက်ရက်စက်စက် အရေးယူတယ်၊ သတ်ဖြတ်တယ်၊ ဖမ်းဆီးတယ်။ ဘာမဆို လုပ်ရဲတဲ့ စစ်ကောင်စီဖြစ်ပါတယ်”
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ နွေဦးတော်လှန်ရေးကို အားပေးတဲ့ ရေးသားပြောဆိုမှုတွေကြောင့် နိုင်ငံတစ်ဝန်းက လူ ၁၃၁၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့က အောက်တိုဘာ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ကမ္ဘာပေါ်က အင်တာနက် လွတ်လပ်ခွင့် အဖိနှိပ်အချိုးဖောက်ဆုံး နိုင်ငံတွေထဲမှာ တရုတ်ပြီးရင် မြန်မာက ဒုတိယအဆိုးဆုံးဖြစ်ကြောင်း အမေရိကန် အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၂၃ အောက်တိုဘာ ၄ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။