နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၂ ဦးသေဆုံး

အသက် ၁၈ နှစ်အောက် ကလေး ၁၁ ဦးပါဝင်ပြီး ရခိုင်ပြည်နယ်မှာ ၃၁ ဦးသေဆုံးခဲ့တာကြောင့် အများဆုံးသေဆုံးတဲ့ဒေသလို့လည်း ရေးသားထားပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ စန်လွန်ရွှေမှော်ကို စစ်ကောင်စီတပ် ဗုံးကြဲပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် တွေ့ရစဉ်။ Kachin News Group

နိုင်ငံတစ်ဝန်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်း အရပ်သား ၅၂ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁ ရက်ကနေ ၁၄ ရက်နေ့အထိ စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တာကြောင့် အမျိုးသမီး ၃၀ ဦး၊ အမျိုးသား ၂၂ ဦး စုစုပေါင်း ၅၂ ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၁၁ ဦးပါဝင်ပြီး ရခိုင်ပြည်နယ်မှာ ၃၁ ဦးသေဆုံးခဲ့တာကြောင့် အများဆုံးသေဆုံးတဲ့ဒေသလို့လည်း ရေးသားထားပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့မနက်က ကချင်ပြည်နယ် တနိုင်းမြို့နယ် စံလွန်ရွာရှိ ရွှေမှော်ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ဦးအပါအဝင် ၁၅ ဦး ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ထောင်နီးပါး (၁၈၂၃ ဦး) သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၄၁ ဦး သေဆုံးခဲ့တယ်လို့ AAPP က ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

AAPP ရဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ တိုက်ခိုက်မှုကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ခြောက်ထောင်ကျော် (၆,၁၇၆ ဦး) သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org