စစ်ကောင်စီနဲ့ပူးပေါင်းသူတွေကို ထပ်တိုးအရေးယူဖို့ JFM တိုက်တွန်း
2023.12.13

စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့အတူ စစ်ကောင်စီကို လက်နက်ပံ့ပိုးကူညီနေတဲ့ ကုမ္ပဏီနှစ်ခုကို ဥရောပသမဂ္ဂ (EU)၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတွေက အရေးယူပိတ်ဆို့တာကို ကြိုဆိုကြောင်းနဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အဆုံးသတ်နိုင်ဖို့ အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်သွားဖို့ Justice For Myanmar (JFM) က တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရှိနေပေမဲ့ လက်ရှိအခြေအနေမှာ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေ နှေးကွေးနေသေးတဲ့အတွက် စစ်ကောင်စီရဲ့ လက်နက်နဲ့ဘဏ္ဍာငွေ အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ အရေးတကြီးလုပ်ဖို့ ပိုလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒေါက်တာ မှုထန်နဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့နဲ့အတူ စစ်ကောင်စီကို လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ Star Sapphire ကုမ္ပဏီအုပ်စု နဲ့ Royal Shune Lei ကုမ္ပဏီတို့ကို EU က ပိတ်ဆို့ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
Star Sapphire ကုမ္ပဏီအုပ်စု တည်ထောင်သူ ဦးထွန်းမင်းလတ်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နီးစပ်တဲ့သူဖြစ်ပြီး ထိုင်းအစိုးရက မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဖြစ်ပါတယ်။
Royal Shune Lei ကုမ္ပဏီကတော့ စစ်ကောင်စီအတွက် လက်နက်တွေ ဝယ်ပေးနေတဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဆိုပါတယ်။
ကနေဒါအနေနဲ့လည်း လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒဏ်ခတ်အရေးယူပိတ်ဆို့တဲ့အကြောင်း ဒီဇင်ဘာလ ၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဗြိတိန်အစိုးရက ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ( BGF ) ဗိုလ်မှူးကြီး စောချစ်သူ၊ သူနဲ့အတူ လုပ်ငန်းလုပ်ကိုင်နေတဲ့ ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာ စောမင်းမင်းဦး၊ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ရှီဇီကျန်းတို့ကို အရေးယူပိတ်ဆို့ခဲ့ပါတယ်။
ဒီလူပုဂ္ဂိုလ်တွေဟာ ကာစီနိုလုပ်ငန်းအများစု လုပ်ကိုင်နေတဲ့ ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်ကို လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေအပါအဝင် သတ္တုတူးဖော်ရေးနဲ့ ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု လုပ်ပေးဖို့ Justice For Myanmar (JFM) အဖွဲ့က ဗြိတိန်အစိုးရကို တိုက်တွန်းထားပါတယ်။