ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်အလုပ်သမားအခွင့်အရေးအဖွဲ့ ဆွေးနွေး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန် အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဂျပန် စံတော်ချိန် ဒီကနေ့ နေ့လည် ၂ နာရီလောက်က ဂျပန်နိုင်ငံရဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် JTUC Rengo ရဲ့ အထွေထွေ အတွင်းရေးမှူး Hiroyuki Nagumo က သူ့ရဲ့ ရုံးခန်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး နှုတ်ခွန်းဆက် စကားပြောခဲ့ကြောင်းနဲ့ မြန်မာပြည်က အလုပ်သမား အခွင့်အရေးတွေနဲ့ သူတို့အဖွဲ့က ကူညီဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ့ရေးရာရုံး (ဂျပန်) ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမင်းညိုက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလို ဂျပန် အလုပ်သမားသမဂ္ဂ အလုပ်သမားတွေက ကူညီတာနဲ့ ပတ်သက်ပြီး အရမ်း ကျေးဇူးတင်ပါတယ်တဲ့။ နောက် ဂျပန် အလုပ်သမားသမဂ္ဂတွေက ဦးစီးပြီး မြန်မာနိုင်ငံ အကြောင်းကို သိအောင် လုပ်ပေးတာကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောကြားသွားပါတယ်”

JTUC Rengo အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ဟာ အဖွဲ့ဝင် ၇ သန်းကျော် ရှိပြီး ဂျပန်အစိုးရရဲ့ လက်ရှိ အာဏာရ ဒီမိုကရက်ပါတီ အစိုးရကို အဓိက ထောက်ခံတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ဂျပန်နိုင်ငံရောက် NLD အဖွဲ့ဝင်တွေနဲ့ မြန်မာ့ရေးရာရုံးက စီစဉ်ဆောင်ရွက်တာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန် Rengo အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးတို့ရဲ့ ဆွေးနွေး ပြောဆိုချက်တွေအကြောင်း အပြည့်အစုံကို မခင်ခင်အိက ဆက်သွယ်မေးမြန်းပြီး စုစည်း တင်ပြထားတာကို တဆက်တည်း နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org