အီရန်-မြန်မာ ဆက်ဆံရေး တိုးတက်အောင်လုပ်မယ်လို့ စစ်ကောင်စီပြော

အီရန်နဲ့ မြန်မာ ဆက်ဆံရေး တိုးတက်ဖို့အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၃ က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အလီဘာဂယ်ရီကာနီတို့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က အီရန်နိုင်ငံ တီဟီရန်မြို့ ၌ တွေ့ဆုံခဲ့စဉ်။ Facebook/mofa myanmar

အီရန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။

၁၉ ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့အတွက် အီရန်နိုင်ငံကိုရောက်နေတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အလီဘာဂယ်ရီကာနီနဲ့ သီးသန့်တွေ့ဆုံခဲ့တာပါ။

အဲဒီလိုတွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းချက်တွေကိုလည်း စစ်ကောင်စီဘက်က ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် တရုတ်နဲ့ ရုရှားကိုပဲ အဓိကထား ဆက်ဆံနေရချိန် သူတို့ကို လက်ခံတွေ့ဆုံတဲ့ နိုင်ငံတွေနဲ့ သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်မှု တိုးတက်နိုင်အောင် ကြိုးပမ်းနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

နိုင်ငံတကာကတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အပြည့်အ၀အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org