အာသံသူပုန် ဆက်ကြေးတောင်းမှု အရေးယူပေးဖို့ နယ်စပ်ဈေးမှာ ဆန္ဒပြ
မြန်မာအစိုးရက ခွင့်ပြုထားတဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်း အာသံပြည်နယ်က ကသည်းသူပုန်တွေဟာ အိန္ဒိယ-မြန်မာနယ်စပ် နန်းဖာလုံဈေးမှာ ဒေသခံကုန်သည် တွေကို ဆက်ကြေးတောင်းပြီး ရိုက်နှက်ခဲ့တဲ့အတွက် အရေးယူပေးဖို့ ကုန်သည်တွေ ဆန္ဒပြနေကြပါတယ်။
-
2011-08-21 -
-
-
မနေ့ကစပြီး ဈေးဆိုင်တွေပိတ်ပြီး သုံးရက်ကြာ ဆန္ဒပြကြနေကြတယ်လို့ နန့်ဖာလုံဈေးက ကုန်သည်တွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်စပ် နန့်ဖာလုံဈေးက ကုန်သည်တဦးက RFA ကို အခုလို ရှင်းပြပါတယ်။
“ကုန်သည်အတော်များများက ဆိုင်တွေကို သုံးရက်လောက် ပိတ်ထားမယ် မရောင်းဘူးဆိုပြီး ဆန္ဒပြမယ်။ အဓိက ကတော့ မြန်မာနိုင်ငံတွင်းမှာ နန့်ဖာလုံဈေးမှာ မြန်မာအစိုးရဘက်ကနေ တခုခု လုပ်ပေးဖို့ ဈေးသူဈေးသားတွေက ဆန္ဒရှိတာပေါ့”
နန့်ဖာလုံဈေးမှာ ဆက်ကြေးတောင်းနေတဲ့ အဖွဲ့အစည်းတွေဟာ အရင်က အိန္ဒိယနိုင်ငံဘက်ခြမ်း မိုရေးမြို့မှာသာရှိပြီး အခုတော့ မြန်မာဘက်ခြမ်းကိုပါ လာရောက် ဆက်ကြေးတောင်းခံနေတာလို့ အဲဒီကုန်သည်က ဆက်လက် ရှင်းပြပါတယ်။
နန့်ဖာလုံဈေးဟာ ဆိုင်ခန်းပေါင်း တထောင်ကျော်ရှိပြီး မြန်မာထွက်ကုန်ပစ္စည်းတွေကို အိန္ဒိယကို အဓိက တင်ပို့နေတဲ့ ကုန်သွယ်ဈေးတခု ဖြစ်ပါတယ်။