အင်းနားရွာမီးရှို့ခံရလို့ ဒေသခံ ၆၀၀ ဝန်းကျင်ထွက်ပြေး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အင်းနားရွာကို စက်တင်ဘာလ ၂၄ ရက် ဒီနေ့ နေ့လယ် နှစ်နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့လို့ အရပ်သား ၆၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2022-09-24
-

တန့်ဆည်မြို့အနောက်တောင်ဘက် ငါးမိုင်အကွာမှာရှိတဲ့ အင်းနားရွာကို စစ်ကောင်စီ တပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝင်စီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့က ဝင်လာတုန်းမှာ ရွာဘေးက တဲနဲ့ ငပျောတောကို မီးစရှို့တယ်။ အဲဒီတုန်းက ရွာထဲမဝင်လာသေးဘူး။ ဒီနေ့ ၂ နာရီထိုးလောက် ရောက်လာပြီး ရောက်ရောက်ချင်း တန်းမီးရှို့တော့တာပဲ"
ဒီနေ့ညနေ ၄ နာရီဝန်းကျင်အထိ ရွာမီးလောင်ကျွမ်းနေတာကို သစ်ပင်အမြင့်တွေပေါ်က ကြည့်ရင်မြင်နေရတယ်လို့ သူက ဆိုပါတယ်။ အင်းနားရွာမှာ အိမ်ခြေ ၁၄၀ ကျော်ရှိပါတယ်။ မီးရှို့ခံရတဲ့ လူနေအိမ်အရေအတွက်ကိုတော့ မသိရသေးလို့ ဒေသခံတွေက ပြောပါတယ်။
အင်းနားရွာကို စစ်ကောင်စီတပ်တွေ ပထမဆုံးအကြိမ် ဝင်ရောက်မီးရှို့တာလို့ ဒေသခံတွေ က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရ သလို စစ်ကောင်စီ စစ်ကိုင်းတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။