ရခိုင်ပြည်နယ်ပြဿနာ ဘာသာရေးပဋိပက္ခ မဟုတ်ကြောင်း အင်ဒို သမ္မတ ပြောကြား
ကမ္ဘာမှာ မူဆလင်ဘာသာဝင် အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနိုက ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ် ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။
-
2012-08-05 -
-
-
အနောက်ဂျားဗားရှိ သူ ရဲ့နေအိမ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ ယူဒိုယူနိုက သူ့အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေကို တတ်နိုင်သမျှ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံနဲ့ ဘက်မလိုက်ဘဲ ကြိုးစား ရှင်းပြနေတာ ဖြစ်ကြောင်းလည်း သတင်းထောက်တွေကို ပြောပါတယ်၊
ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခဟာ ဘာသာရေး ပဋိပက္ခ မဟုတ်ဘဲ ဒေသတွင်း လူုအုပ်စုကြား ဖြစ်ပွားတဲ့ ပဋိပက္ခသာဖြစ်ပြီး အကြောင်းတိုက်ဆိုင်လို့ ရိုဟင်ဂျာတွေက မူဆလင်ဖြစ်ပြီး ရခိုင်တွေက ဗုဒ္ဓဘာသာ ဖြစ်နေတာသာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှား သမ္မတ ကပြောပါတယ်။
ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ ဒါပေမဲ့ မျိုးဆက် လေးဆက်လောက် နေထိုင်လာတဲ့ သူတို့ကို မြန်မာအစိုးရက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ထဲ့သွင်းမှု မရှိသေးဘူးလို့လည်း ပြောပါတယ်။
ဒီပဋိပက္ခမှာ ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ကနေ ၅၃၀၀၀ ထိ များပြားလာကြောင်း၊ စာရင်းအရ ရခိုင် ဒုက္ခသည် ၂၄၀၀၀ ရှိနေကြောင်း၊ ဝေဖန်သူတွေက မြန်မာအစိုးရဟာ ရခိုင်တွေကို ဦးစားပေး နေတယ်လို့ဆိုကြပေမဲ့ တဖက်မှာလည်း ရိုဟင်ဂျာတွေဟာ ကုလသမဂ္ဂရဲ့ အကူအညီ အထောက်အပံ့ ပိုရနေတယ်လို့ရခိုင်တွေက သတိမူ သဘောပေါက် ထားကြောင်းလည်း ပြောဆိုပါတယ်၊
မြန်မာနိုင်ငံက ပြဿနာ ဖြရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ သံတမန် လမ်းကြောင်းက တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်ထံလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ မျှော်လင့်မှုတွေနဲ့ ပတ်သက်လို့ စာပေးပို့မှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ရှင်းပြသွားပါတယ်။