တရုတ်သြဇာ လွှမ်းမိုးမှု အိန္ဒိယ စိုးရိမ်

“သဘာဝဓာတ်ငွေ့ ဝယ်ယူရရှိရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရရဲ့ လိမ်ညာလှည့်ဖျားတာကို မိမိတို့ ခံနေရတယ်” ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာန အရာရှိတဦးက အမေရိကန် ကောင်စစ်ဝန်ကို ပြောဆိုခဲ့ကြောင်း အခုရက်ပိုင်းအတွင်း WikiLeaks အဖွဲ့က နောက်ထပ် ပေါက်ကြားလိုက်တဲ့ အမေရိကန်သံရုံး လျှို့ဝှက်ကြေးနန်း မှတ်တမ်းတခု မှာ ဖော်ပြထားပါတယ်။

အိန္ဒိယ သမ္မတ အဗ္ဗဒူလ် ကာလမ်း (A.P.J. Abdul Kalam) ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်စဉ် မန္တလေးမြို့သို့ သွားရောက်ရာတွင် မတ်လ ၁ဝ ရက်နေ့က မင်္ဂလာစည်တော်ဖြင့် ကြိုဆိုနေသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

၂၀၀၇ ခုနှစ် ဧပြီလ ၂၇ ရက် နေ့စွဲနဲ့ နယူးဒေလီ အမေရိကန်သံရုံးက ပေးပို့တဲ့ ကြေးနန်းစာမှာ အခုလို ဖော်ပြထားတာပါ။ ဒီကြေးနန်းမှတ်တမ်းအရ အဲဒီကာလမတိုင်ခင်လေးမှာ အိန္ဒိယကို လာရောက်ခဲ့တဲ့ စစ်အစိုးရ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အိန္ဒိယ နိုင်ငံခြားရေး အရာရှိ Mohan Kumar က အမေရိကန် ကောင်စစ်ဝန်ကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ်မှာ အိန္ဒိယသူပုန်တွေကို နှိမ်နင်းဖို့ မြန်မာဘက်က အကူအညီ ပေးခဲ့တဲ့အတွက် အပြန်အလှန် အနေနဲ့ အိန္ဒိယဆီက လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ တောင်းခံဖို့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး လာရောက်ခဲ့တာ ဖြစ်ကြောင်း အိန္ဒိယအရာရှိက ပြောပြတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ဝယ်ယူရေးနဲ့ စစ်အစိုးရအပေါ် သြဇာလွှမ်းမိုးရေးမှာ တရုတ်က မိမိတို့အပေါ် အသာစီး ရနေကြောင်း၊ ဒါကြောင့် မြန်မာ စစ်အစိုးရကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ထပ်ဆင့် ဖိအားပေးဖို့ အမေရိကန်က မိမိတို့ကို ဖိအားပေးမယ်ဆိုရင် ဖြစ်စေချင်သလို ဖြစ်လာမှာ မဟုတ်ကြောင်း၊ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ တင်သွင်းနိုင်အောင် အိန္ဒိယကို ဖိအားပေးခိုင်း လေလေ မြန်မာစစ်အစိုးရက မိမိတို့ကို ဒေါသတကြီး တုန့်ပြန်လေလေ ဖြစ်ကြောင်း အိန္ဒိယအရာရှိက ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် ကောင်စစ်ဝန်က မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး အိန္ဒိယ အနေနဲ့ မြန်မာစစ်အစိုးရကို အကူအညီပေးမယ် ဆိုရင် အမေရိကန် အစိုးရက လိုလားမှာ မဟုတ်ကြောင်း တုန့်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး အိန္ဒိယအရာရှိက အိန္ဒိယ- မြန်မာ ဆက်ဆံရေးဟာ နယ်စပ်က သူပုန်နှိမ်နင်းရေး တခုတည်းသာ ရှိနေကြောင်း၊ သဘာဝဓာတ်ငွေ့ ဝယ်ယူရရှိရေး ကိစ္စမှာ အလိမ်ခံနေရကြောင်း တဲ့တိုး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံကို အိန္ဒိယရဲ့ အရှေ့အာရှ ပေါင်းကူးတံတားအဖြစ် အသုံးပြုနိုင်မယ့် အခွင့်အရေးတွေလည်း မရရှိခဲ့ကြောင်း ပြောဆိုတယ်လို့ ဆိုပါတယ်။

မြန်မာ စစ်အစိုးရ အရာရှိတွေက သူတို့ဟာ တရုတ်ကို “မုန်းတီး” ကြောင်း၊ တတ်နိုင်ရင် တရုတ်နဲ့ မဆက်ဆံလိုကြောင်း၊ ဒါပေမယ့် အိန္ဒိယထက်စာရင် တရုတ်က ပိုပြီး အားကိုးရတယ်လို့ ခံစားရတဲ့အတွက် ဆက်ဆံနေတာ ဖြစ်ကြောင်း အိန္ဒိယအရာရှိကို ပြောဆိုတယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် အိန္ဒိယက မြန်မာကို T- 55 အမျိုးအစား တင့်ကားတွေ ရောင်းချပေးမယ်ဆိုတဲ့သတင်း မမှန်ကန်ကြောင်း အဲဒီ အိန္ဒိယအရာရှိက အမေရိကန် ကောင်စစ်ဝန်ကို ပြောဆိုခဲ့တယ်လို့လည်း ဒီကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးအရာရှိရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ရဲ့ အိန္ဒိယ အခြေစိုက် ဝန်ကြီး ဒေါက်တာတင့်ဆွေက ဒါဟာ မြန်မာ စစ်အစိုးရက အိန္ဒိယ၊ တရုတ်နဲ့ အမေရိကန် တို့ကို ရန်တိုက်ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဗမာ ဗိုလ်ချုပ်ကြီး ပြောတာကတော့ အိန္ဒိယ၊ တရုတ်နဲ့ အမေရိကန်၊ သုံးနိုင်ငံကြားမှာ ကစားပြီးတော့ တနည်းအားဖြင့် ရန်တိုက်ပေးရာ ကျတဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ မှန်ကန်တဲ့ သုံးသပ်ချက်တခုတော့ မဟုတ်ဘူးခင်ဗျ။ ဒီ အိန္ဒိယနဲ့ အမေရိကန်ကို ရန်တိုက်ပေးခြင်း အားဖြင့် အိန္ဒိယကနေ မြန်မာ စစ်အစိုးရအပေါ် ပိုလာမယ့် ဖိအားတွေကို လျော့အောင် ကြိုးစားမှု တခုလည်း ဖြစ်တယ်ခင်ဗျ။ သို့သော် ဒီ သုံးသပ်ချက်တွေဟာ ကြာခဲ့ပြီလည်း ဖြစ်ပြီးတော့ ဒီကနေ့ကာလမှာ တရုတ်နဲ့ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ အိန္ဒိယ၊ အမေရိကန်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ် အခြေအနေတွေကတော့ ပြောင်းသွားပြီ။ ဒီ ပြောင်းသွားတဲ့ အနေအထားတွေဟာ ပြီးခဲ့တဲ့ ကာလတွေမှာ ကျင့်သုံးခဲ့တဲ့ မူဝါဒတွေ၊ ကျဆုံးမှုတွေကို ကြည့်ပြီးတော့ ဒါကို ကြည့်ခြင်းအားဖြင့် အိန္ဒိယ အစိုးရဟာ သူတို့ ၁၈ နှစ်ကျော် ကျင့်သုံးခဲ့တဲ့ အရှေ့မျှော်မူဝါဒရဲ့ အခြေခံ ဗမာပြည်အပေါ်မှာ ချတဲ့မူဝါဒတွေကို ပြောင်းလဲစေဖို့အတွက် ဒါ တွန်းအားတခု ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆပါတယ်”

Wikileaks အဖွဲ့က ဖော်ပြလိုက်တဲ့ ကြေးနန်းစာမှာ အိန္ဒိယ နိုင်ငံခြားရေး အရာရှိက အမေရိကန် ကောင်စစ်ဝန် ကို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒေါက်တာတင့်ဆွေရဲ့ အမြင် ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org