မြန်မာနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတချို့ ပိတ်ပင်ခံရ
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို မြန်မာပြည်က တရားမဝင် တင်သွင်းတဲ့ စားသောက်ကုန်တချို့ ရောင်းချခွင့်ကို မဏိပူရပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန အမိန့်နဲ့ မတ်လ ၁၈ ရက်နေ့က စပြီး ပိတ်ပင်လိုက်ပါတယ်။
-
2013-03-19 -
-
-
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို မြန်မာပြည်က တရားမဝင်တင်သွင်းတဲ့ စားသောက်ကုန်တချို့ ရောင်းချခွင့်ကို မဏိပူရပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနအမိန့်နဲ့ မတ်လ ၁၈ ရက်နေ့ကစပြီး ပိတ်ပင်လိုက်ပါတယ်။
ပိတ်ပင်ခံရတဲ့ စားသောက်ကုန်ပစ္စည်းတွေကတော့ Mikko ကော်ဖီ Calcium ကွေကာနဲ့ ငါးကြော်ထုပ်တွေဖြစ်ပြီး ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်နဲ့ သက်တမ်းကုန်ဆုံးမယ့်ရက်တွေ အတိအကျမပါဝင်တာ၊ ပါဝင်တဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စားသုံးသူတွေအတွက် ဘေးအန္တရာယ်ဖြစ်မှာစိုးတာကြောင့် အခုလိုပိတ်ပင်လိုက်တာလို့ မဏိပူရပြည်နယ် ကျန်းမာရေးဝန်ကြီး Phugzathang Tonsing ကပြောဆိုကြောင်း မနေ့ကထုတ်ဝေတဲ့ အိန္ဒိယနေ့စဉ်ထုတ် သတင်းစာ The Hindu မှာ ဖော်ပြထားပါတယ်။
အခုလို ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာအများစုနေထိုင်တဲ့ မဏိပူရပြည်နယ် ချူရာချန်ပူရ်မြို့မှာ မြန်မာအစားအသောက်တွေ လက်လီလက်ကားရောင်းနေတဲ့ မမင်းသဲလ်က အခုလို ပြောပါတယ်။
“အဓိကက မြန်မာပြည်ကပစ္စည်းမှာ သက်တမ်းလွန်ရက်စွဲတွေဘာတွေ မရှိလို့ပေါ့နော်၊ အဲဒါပြီးတော့ နောက်တချက်ကကျတော့ Mikko ကတ်ပုံးတွေရှိတယ်မလား၊ အဲဒါကို သူတို့ထဲကတစ်ယောက်က လက်တွေ့ဆင်း စစ်ဆေးနေချိန်မှာ လူတစ်ယောက်ဆုံးရှုံးမှုရှိသွားတယ်၊ အဲဒီလိုမျိုးသတင်းလည်း နည်းနည်းပါးပါး ထွက်တယ်ပေါ့၊ အဲဒါမျိုးနဲ့ သူကပိတ်ဖို့ ကြိုးစားတာ၊ Mikko ကော်ဖီရယ်၊ Calcium ကွေကွာရယ်၊ ပြီးတော့ ငါးကြော်ထုပ်လေးတွေ၊ အဲဒီသုံးမျိုးပါပဲ၊ အဓိကပိတ်ထားတာပေါ့။”
ဒီပစ္စည်းတွေဟာ တရားဝင်တင်သွင်းတာ မဟုတ်တဲ့အပြင် အဓိကရောင်းကောင်းတဲ့ စားသောက်ကုန်တွေ ဖြစ်နေတာကြောင့် အခုလိုပိတ်ပင်လိုက်တာဖြစ်ပြီး ပစ္စည်းရောင်းသူအချို့နဲ့ ပစ္စည်းတွေကို မနေ့က ဖမ်းဆီးသိမ်းယူတာတွေ ရှိခဲ့တယ်လို့လည်း မမင်းသဲလ်က ပြောပါတယ်။
အခုပိတ်ပင်လိုက်တဲ့ စားသောက်ကုန်တွေဟာ နှစ်နိုင်ငံတရားဝင်ကုန်သွယ်ခွင့် တံဆိပ်မပါဝင်တာကြောင့်ဖြစ်ပြီး၊ မြန်မာနိုင်ငံကတင်သွင်းတဲ့ ကြက်သား၊ အမဲသားနဲ့ ငါးစတဲ့ စည်သွပ်ဘူးတွေကိုလည်း အိန္ဒိယနိုင်ငံမြောက်ပိုင်း နာဂလန်းဒေသက ပိတ်ပင်ထားတယ်လို့ The Hindu သတင်းစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာနှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှုအရ ပဲအမျိုးမျိုး၊ သစ်၊ သံနဲ့ သံထည်၊ အသေးစား စက်ပစ္စည်းကိရိယာနဲ့ ဆေးဝါးစတဲ့ ကုန်အမျိုးအစားပေါင်း ၄၀ ကိုသာ အစိုးရတွေက ခွင့်ပြုထားတာဖြစ်ပါတယ်။