အိန္ဒိယနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ NUG ကို India For Myanmar တိုက်တွန်း

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု များနေတဲ့ အိန္ဒိယအစိုးရနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ NUG ကို အိန္ဒိယ-မြန်မာအရေး လေ့လာနေတဲ့ India for Myanmar အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဂျေရှန်းကားနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ကြစဉ်။ Twitter@DrSJaishankar

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု များနေတဲ့ အိန္ဒိယအစိုးရနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အိန္ဒိယ-မြန်မာအရေး လေ့လာနေတဲ့ India for Myanmar အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

အိန္ဒိယအစိုးရနဲ့ သံတမန်ဆက်ဆံရေးတိုးမြှင့်ဖို့ အပါအဝင် အချက် ခြောက်ချက်ပါတဲ့ အိတ်ဖွင့်ပေးစာကို ဇူလိုင် ၂၆ ရက်နေ့က ပို့ပေးခဲ့တယ်လို့ India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

"အိန္ဒိယဘက်က သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းကို အပြီးဆောင်ရွက်ချင်တဲ့ဆန္ဒရှိနေတယ်၊ ဒါနဲ့ပတ်သက်ပြီး စကစကို ရေတိုအကျိုးစီးပွားကြည့်ပြီးတော့မှ ဆက်ဆံနေသော်ငြားလည်း စကစဘက်က အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ခြင်းမရှိတဲ့အခါကျတော့ ဒီလိုအချိန်မျိုးမှာ အိန္ဒိယရဲ့ ယုံကြည်မှုကို NUG အနေနဲ့ ရရှိနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ကိုပဲ အခြေခံတာပါ"

အိန္ဒိယအစိုးရက အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်းအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပြင် မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နောက်ဆက်တွဲ နယ်စပ်လုံခြုံရေးနဲ့ မူးယစ်ဆေးဝါးပြဿနာတွေအပေါ် စိုးရိမ်နေတယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

အိန္ဒိယရဲ့စိုးရိမ်ချက်တွေအပေါ်မှာ NUG အနေနဲ့ ဦးစားပေးချဉ်းကပ်ပြီး ယုံကြည်မှုတည်ဆောက်နိုင်အောင် ကြိုးစားဖို့ အကြံပြုတာလို့လည်း ဆိုပါတယ်။

အိန္ဒိယ-မြန်မာ သံတမန်ရေးမှာ စစ်ကောင်စီဘက်က အသာစီးရနေတဲ့သဘောရှိပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာတွေရှိသလို အိန္ဒိယနိုင်ငံမှာလည်း စစ်ကောင်စီ သံရုံးကိုယ်စားလှယ်တွေကို အသိအမှတ်ပြုပြီး အခမ်းအနားဖိတ်တာမျိုးတွေ တွေ့နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကတည်းက ၂ဝ၂၂ နှစ်ကုန်အထိ အိန္ဒိယဘက်က စစ်ကောင်စီနဲ့ဆက်ဆံရေးမှာ ထိပ်တန်းအဆင့် အရာရှိတွေလောက်သာ ဆက်ဆံခဲ့ပေမယ့် ၂ဝ၂၃ ခုနှစ် မဏိပူရ်ပြည်နယ် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နယ်စပ်လုံခြုံရေးအကြောင်းပြုပြီး ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်လာတာလို့ သုံးသပ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်ပြီး ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ အိန္ဒိယနိုင်ငံကို ဇွန် ၂၈ ရက်နေ့က တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org