အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်သန်းခွင့် တင်းကျပ်မည်
အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်-ဇိုခေါ်ထာရ် ဂိတ်တံတားဖြတ်သန်းသွားလာခွင့်ကို မေလ ၁ ရက်နေ့ကစပြီး အိန္ဒိယအာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် ဆောင်ရွက်တော့မယ်လို့ အသိပေးထားကြောင်း ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-04-25 -
-
-
အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရိဒ်-ဇိုခေါ်ထာရ် ဂိတ်တံတားဖြတ်သန်းသွားလာခွင့်ကို မေလ ၁ ရက်နေ့ကစပြီး အိန္ဒိယအာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် ဆောင်ရွက်တော့မယ်လို့ အသိပေးထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီလိုတင်းကျပ်တော့မယ်ဆိုတဲ့အကြောင်းကို အိန္ဒိယအာသံရိုင်ဖယ်တပ် တာဝန်ရှိသူတွေက မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်မြို့နယ်အတွင်းမှာရှိတဲ့ နယ်စပ်ရွာက ကျေးရွာတာဝန်ရှိသူတွေ၊ မီဇိုလူငယ်အသင်းအဖွဲ့တွေကို ဧပြီလ ၂၃ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံပြီး ပြောဆိုခဲ့တာလို့ အိန္ဒိယ-မြန်မာနယ်စပ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မေလကစပြီးပိတ်မယ်ဆိုတာ အိန္ဒိယဘက်က ပြောတာတွေ ကြားနေတာတော့ ကြာပြီ။ အခုက အာသံရိုင်ဖယ်က နယ်စပ်ရွာတွေကို သေချာပြောလာတယ်ဆိုဝောာ့ သေချာသလောက်ရှိနေပြီ။ ကျွန်တော်တို့ မြန်မာဘက် ရိဒ်ခေါဒါရ်ကနေ အိန္ဒိယဘက် ဇိုခေါ်ထာရ်ကို ကျောင်းသွားတက်နေတဲ့ ကျောင်းသားတွေ ဒုက္ခရောက်တော့မယ်။ ပြီးတော့ အိန္ဒိယဘက်က စားသောက်ကုန်တွေ မဝင်တော့ဘူးဆိုရင် ဒေသခံတွေအတွက် အခက်အခဲတွေဖြစ်မယ်”
ရိဒ်-ဇိုခေါ်ထာရ် ဂိတ်တံတားကို ဧပြီလ ၁၇ ရက်နေ့မှာ အိန္ဒိယဘက်က ပိတ်ချလိုက်ပြီး ဧပြီလ ၂၂ ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့တာပါ။ ဒါပေမဲ့ ဒီလိုဖွင့်ပေးတာက ဧပြီလကုန်အထိသာဖြစ်ပြီး မေလကစလို့ ပြန်လည်တင်းကျပ်မယ့်အကြောင်း အိန္ဒိယအာဏာပိုင်တွေဘက်က ပြောဆိုလာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံရဲ့ သဘောထားကိုသိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA အီးမေးလ်ကနေတဆင့် မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် နယ်စပ်နားနေထိုင်သူတွေ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့်ပေးထားတဲ့စနစ် (Free Movement Regime) ကို ဖျက်သိမ်းဖို့ အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလထဲမှာ ပြောထားပေမယ့် မီဇိုရမ်ပြည်နယ်အစိုးရက ကန့်ကွက်ထားပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာရှိနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားပြီး ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေပါတယ်။