လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြည်တွင်းပညာရှင်တွေနဲ့ ဖွဲ့စည်းဖို့ အဆိုတင်

ရခိုင်ပြည်နယ်အရေးအတွက် ဖွဲ့စည်းမယ့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြည်တွင်းပညာရှင်တွေနဲ့သာ ဖွဲ့စည်းဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် .

ရခိုင်ပြည်နယ်အရေးအတွက် ဖွဲ့စည်းမယ့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြည်တွင်းပညာရှင်တွေနဲ့ သာ ဖွဲ့စည်းဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက အရေးကြီးအဆို တင်သွင်းပြီး ကိုယ်စားလှယ် ဦးမောင်မြင့် က ထောက်ခံခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြီးတဲ့နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာက ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးနဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းသွားမယ်လို့ နိုင်ငံတော် သမ္မတရုံးက မေလ ၃၁ ရက်နေ့က ကြေညာချက် ထုတ်ပြန် ထားတာဖြစ်ပါတယ်။ အဲဒီကော်မရှင်ကို ပြည်တွင်းနဲ့ နိုင်ငံတကာက ဥပဒေနဲ့ နည်းပညာကျွမ်းကျင်သူတွေက ပံ့ပိုးပေးမှာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစိုးရ နဲ့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖြစ်တာကြောင့် ဒီကော်မရှင် အသစ်ကို ဖွဲ့စည်းဖို့ မသင့်ကြောင်းနဲ့ မဖြစ်မနေ ဖွဲ့စည်းရမယ်ဆိုရင်လည်း ARSA အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကိုသာ စုံစမ်းစစ်ဆေးဖို့ ပြည်တွင်းပညာရှင်တွေနဲ့ ဖွဲ့စည်းသင့်တယ်လို့ အဆိုတင်သွင်းတဲ့ ဦးစိုင်းကျော်မိုး က ပြောပါတယ်။

ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက မေလ ၉ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဘင်္ဂလားဒေ့ရှ် ရောက်ရှိနေသူတွေ ပြန်လည်လက်ခံရေးကို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လက်မှတ်ထိုး ဆောင်ရွက်ဖို့၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

အဲဒီအဆို တင်သွင်းတာကို ကန့်ကွက်သူမရှိတာကြောင့် လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org