အင်းတော် စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်း
အဲဒီတပ်စခန်းဟာ အင်းအား ၄၀ လောက်ရှိတဲ့ တပ်စခန်းဖြစ်ပြီး စစ်ကောင်စီတပ်က ၂၀၂၃ မတ်လက စတင်စခန်းချခဲ့တဲ့ တပ်စခန်းဖြစ်တယ်လို့ ဆိုပါတယ်။
-
RFA Burmese
2024-06-28 -
-
-
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နန့်သာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ (၇၇) ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေက ဇွန် ၂၈ ရက်နေ့ မနက်ကပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“သိမ်းတာက မနက်ကတည်းကပေါ့နော်၊ ညနေပိုင်းကထိ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာပြီးသွားပြီ။ စစ်ကောင်စီဘက်က အလောင်း ၁၈ လောင်းရတယ်။ သုံးပွင့် ဗိုလ်ကြီး သိမ်းမောင်မောင်ဆိုတဲ့ တစ်ယောက်လည်းပါတယ်၊ သေတဲ့အထဲမှာ။ ပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေလည်း သိမ်းရတယ်။ ကျွန်တော်တို့ ဘက်ကတော့ သုံးယောက်ဒဏ်ရာရတယ်။ သူက အင်းတော်နဲ့ ဗန်းမောက်ကြားထဲမှာ ထိုင်ထားတဲ့ စခန်းပေါ့နော်။ အင်းတော်နဲ့ ဗန်းမောက်ကိုသွားနေတဲ့ လမ်းကြောင်းကို ဖြတ်တောက်ပေးတဲ့ စခန်းဟုတ်တယ်။ အဲတာကြောင့်မို့ အရေးပါတဲ့စခန်းဟုတ်တယ်”
အင်းတော်နဲ့ ဗန်းမောက်မြို့ ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဇွန် ၂၂ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲနေ့မှာပဲ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် နန့်သာရွာက ရဟန်းတစ်ပါးအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့တယ်လို့လည်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အဲဒီတပ်စခန်းဟာ အင်းအား ၄၀ လောက်ရှိတဲ့ တပ်စခန်းဖြစ်ပြီး စစ်ကောင်စီတပ်က ၂၀၂၃ မတ်လက စတင်စခန်းချခဲ့တဲ့ တပ်စခန်းဖြစ်တယ်လို့ ဆိုပါတယ်။
အခုမနက် ပိုင်းအထိ စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာရှိသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တာတွေလည်း ရှိတယ်လို့ပြောပါတယ်။
အင်းတော်ဒေသခံတစ်ဦးကလည် ဇွန်လ ၂၇ ရက်နေ့ကလည်း နန့်သားဘက်ကို စစ်ကြောင်းလာတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အင်းတော်မြို့နဲ့ ဗန်းမောက်မြို့ကို ဆက်သွယ်ထားတဲ့လမ်းပေါ် နန့်သာရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်တွေ မကြာခဏ တိုက်ခိုက်လေ့ရှိပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ကလည်း နှစ်ဖက်တိုက်ပွဲကြောင့် နန့်သာ၊ အောင်းကုန်း၊ အင်ပင်၊ မော်တိတ်နဲ့ ရွာသာယာရွာက ဒေသခံ လေးထောင်ခန့် ထွက်ပြေးခဲ့ရပါတယ်။