လေးကေ့ကော်တစ်ဝိုက် စစ်တပ်က လေကြောင်းကနေတိုက်ခိုက်၊ စစ်ဘေးဒုက္ခသည် ငါးထောင် ထပ်တိုး
မြဝတီမြို့နယ် တောင်ပိုင်း လေးကေ့ကော်မြို့သစ်တစ်ဝိုက်မှာ ဒီဇင်ဘာ ၂၃ ရက်က စလို့ စစ်ကောင်စီရဲ့ သုံးရက်တာ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်၊ သေဆုံးရသလို စစ်ဘေးဒုက္ခသည် အရေအတွက်ဟာလည်း ငါးထောင်နီးပါး ထပ်တိုး လာတယ်လို့ အဲဒီဒေသမှာ ရောက်နေသူတွေက ပြောပါတယ်။
- 2021-12-26
-
-
-
ကရင်ပြည်နယ် မြဝတီမြို့နယ်ရဲ့ တောင်ဘက် ကိုးမိုင်အကွာမှာရှိတဲ့ လေးကေ့ကော်မြို့သစ်တစ်ဝိုက်ကို စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဗုံးကြဲလေယာဉ်တို့ သုံးပြီး ဒီဇင်ဘာ ၂၃ ရက်က စလို့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။
လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ ထီးမယ်ဝါးခီး၊ ဖလူး နဲ့ မင်းလက်ပံ စတဲ့ရွာတွေက ဒေသခံ ငါးထောင်နီးပါး ဒီဇင်ဘာ ၂၅ ရက် မနေ့က ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
"သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေရော အဆင်မပြေမှုတွေကတော့ အများကြီးပဲ"
"စစ်ရှောင်ကတော့ တိုးလာတယ်ရှင့်။ အရင်နေ့ကတည်းက လေကြောင်း တိုက်ခိုက်မှု မတိုင်ခင်ကတည်းက တောက်လျှောက်တိုးနေတာပေါ့။ လေကြောင်းတိုက်ခိုက်မှုပြီးတဲ့နောက် ပိုတိုးလာတယ်ပေါ့။ သက်ကြီး ရွယ်အိုတွေ၊ ကလေးသူငယ်တွေရော အဆင်မပြေမှုတွေကတော့ အများကြီးပဲ"
ဒီဇင်ဘာ ၂၅ ရက် မနေ့ နေ့လယ်ပိုင်းမှာ ထီးမယ်ဝါးခီးရွာကို ရဟတ်ယာဉ်နဲ့ ပစ်ခတ် ဗုံးကြဲတာ၊ လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် KNU၊ PDF ပူးပေါင်းအဖွဲ့တွေ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ တိုက်ပွဲထဲမှာ ပါဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် ကိုစိုင်းက ပြောပြပါတယ်။
"မနေ့က KNU ဘက်က မယ်ထော်တလေးကို တက်တဲ့အချိန်မှာ သူတို့က ထီးမယ်ဝါးခီးကို ဗုံးကြဲတာ။ လေယာဉ်နဲ့ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ထုတာ ထီးမယ်ဝါးခီးကိုတော့ လွှတ်လိုက်ရတယ်ပေါ့နော်။ အဓိက ကတော့ လေးကေ့ကော်တစ်ဝိုက်ပဲ မနေ့ကတော့ ထီးမယ်ဝါးခီးကို ချတာ။ မယ်ထော်သလေးကိုတော့ လက်နက်ကြီးနဲ့ ပစ်တယ်။ သူတို့က ဘယ်လမ်းက ဝင်လဲတော့ မသိဘူး။ တော်တော်လေးကို စစ်ကို ပြင်ထားတဲ့ပုံ ရတယ်ဗျ"
မနေ့က မြဝတီမြို့နယ် တောင်ပိုင်းက တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က ခုနစ်ယောက်ဝန်းကျင် သေဆုံးပြီး KNU နဲ့ PDF ဘက်က လေးယောက်ဝန်းကျင် သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
ထီးမယ်ဝါးခီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာမှာ အရပ်သား သေဆုံးသူတွေ ရှိခဲ့ပြီး အဲဒီထဲမှာ တိုက်ပွဲသတင်းရယူနေတဲ့ ဖက်ဒရယ်ဂျာနယ်က အယ်ဒီတာ ကိုအေစိုင်းကေ လည်း သေဆုံးခဲ့ရသလို သတင်းသမားတချို့နဲ့ ဒေသခံတချို့လည်း ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအခြေအနေတွေကို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်အပြင် ဒေသအနှံ့အပြားမှာ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုကို သုံးလာတာဖြစ်ပြီး တိုက်ပွဲအခြေအနေ ပိုဆိုးလာနိုင်တယ်လို့ KNU ဗဟို ကော်မတီဝင် ပဒိုစောတောနီးက သုံးသပ်ပါတယ်။
"ကျွန်တော်တို့က အခြေအနေ ပြန်ကောင်းလာမယ်လို့ သိပ်မထင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အားကိုးရာဆိုလို့ လေကြောင်းတစ်ခုပဲ ရှိတာကိုး။ ရန်သူတွေရဲ့အခြေအနေက သိတဲ့အတိုင်းပဲလေ။ ဘယ်နေရာပဲသွားသွား နဖူးကွဲ ဒူးပြဲတွေကများတော့ အဲဒီမှာ သူကလေကြောင်းကို ပြန်ဖိပြီး သုံးတယ်။ နောက် သူတို့ အားစိုက်လုပ်လာမှာက လက်နက်ကြီးတင်တဲ့ကားတွေ၊ တင့်ကားတို့ဘာတို့ သုံးလာနိုင်ခြေ ရှိတယ်။ သတင်းကတော့ တက်လာပြီ။ စစ်ဖြစ်နေတဲ့ ဂွင်ထဲကိုတော့ မရောက်လာသေးဘူးလို့ ထင်ရတာပဲ။ လက်နက်ကြီးနဲ့ လှမ်းပစ်တုန်းပဲ ရှိသေးတယ်။ တင့်ကားတွေ ထွက်လာတာ မကြားရသေးဘူး"
ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အတွင်း ခရစ်စမတ်ကာလတစ်လျှောက် လေးကေ့ကော်တစ်ဝိုက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်မှု အနည်းဆုံး လေးကြိမ်အထိ လုပ်ခဲ့တယ်လို့လည်း ပဒိုစောတောနီးက ဆိုပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့က လေးကေ့ကော်မြို့သစ်မှာ ခိုလှုံနေသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖမ်းဆီးပြီးနောက်ပိုင်းကစလို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အစောပိုင်း မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ဝန်းကျင်လောက်ရှိတယ်လို့ ပဒိုစောတောနီးက ပြောပေမယ့် စစ်ကောင်စီဘက်ကတော့ စစ်သားတချို့ ထိခိုက်မှုရှိတယ်လို့သာ ဆိုပါတယ်။
အဲဒီကနေ KNU တပ်မဟာ ၆ နယ်မြေထဲမှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းလာပြီး ဒီဇင်ဘာ ၂၃ ရက် နေ့ ည ၁၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ စတင်ဗုံးကြဲတာတွေ လုပ်လာခဲ့တာပါ။
KNU က လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို ဗုံးမကြဲခင် ဒီဇင်ဘာ ၂၀ ရက်နေ့က တောင်းဆိုခဲ့သလို ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ထပ်မံပြီး တောင်းဆို ထားပါတယ်။