တရားမဝင် တရုတ်နိုင်ငံသားတွေကို ဥပဒေအတိုင်း လုပ်ဆောင်မယ်လို့ ပြည်နယ်အစိုးရပြောကြား

ကချင်ပြည်နယ်က တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ပန်ဝါ ကနေ တရုတ်နိုင်ငံသား အဝင်/အထွက် တစ်ရက်ကို ငါးရာခန့်ရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်က ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ် ဓါတ်ပုံ - အဲလိဇဘက်ဂျန်မာ/ RFA

ကချင်ပြည်နယ်က တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ပန်ဝါ ကနေ တရုတ်နိုင်ငံသား အဝင်/အထွက် တစ်ရက်ကို ငါးရာခန့်ရှိတယ်လို့ သိရပါတယ်။

အဲဒီ မြန်မာ-တရုတ်နယ်စပ်ဂိတ်စခန်းတွေကနေ တရုတ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံကို နယ်စပ်ဖြတ်သန်းခွင့် အလည်အပတ် (Border Pass) နဲ့ ယာယီနေထိုင်ခွင့် (Green Card ) တွေနဲ့ ဝင်ထွက်သွားလာနေတာဖြစ်ပြီး အဲဒီထဲက အများစုဟာ ကချင်ပြည်နယ်ထဲက တရုတ်တစ်သျူးငှက်ခြံတွေမှာ ဝင်ရောက်အလုပ်ကိုင်နေကြတယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းက RFA ကို ပြောပါတယ်။

ဒီလိုနယ်စပ်ဖြတ်သန်းခွင့် အလည်အပတ်နဲ့ဝင်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ ဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်မရှိဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။

ဥပဒေကိုချိုးဖောက်ပြီး ဝင်ရောက်အလုပ်လုပ်နေသူတွေကို စည်းကမ်းဖောက်ဖျက်မှု လဝက အက် ပုဒ် မ ၁၃ (၁) / ၄ (၁)  နဲ့ အရေးယူနိုင်ပြီး ပြစ်မှုပြစ်ဒဏ်အဖြစ် အနည်းဆုံးထောင်ဒဏ် ၆ လကနေ ၅ နှစ်အထိဖြစ်စေ၊ အနည်းဆုံး ငွေဒဏ် ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ချမှတ်နိုင်တယ် လို့ လဝက ဥပဒေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အတွက် အခွန်မရသလို ဒေသခံတွေနဲ့ လူမှုရေး၊ ယဉ်ကျေးမှုပြဿနာတွေ ဖြစ်ပေါ်စေ တယ်လို့ ဒေသခံ နိုင်ငံရေးသမားတွေကလည်း ဝေဖန်ထောက်ပြကြပါတယ်။

(RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့သည်)

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org