ရှမ်းမြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု AI ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်ရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကပါ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့- AI က ပုံပြရှင်းလင်းချက်တခုကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

အစိုးရတပ်မတော်နဲ့ RCSS/SSA တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်ရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကပါ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့- AI က ပုံပြရှင်းလင်းချက်တခုကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

“ ကြားညပ်ခံနေရခြင်း” ဆိုတဲ့ အဲဒီပုံပြရှင်းလင်းချက်ထဲမှာ တပ်မတော်ဘက်က ကျူးလွန်တယ်လို့ ဖော်ပြထားတဲ့အချက် (၅) ချက်ကတော့ - တရားဥပဒေမဲ့ ထင်ရာစိုင်းဖမ်းဆီးတာ၊ စစ်စခန်းတွေမှာ ဖမ်းထားတဲ့သူတွေကို မိသားစုတွေနဲ့ အဆက်အသွယ်ဖြတ်ထားတာ၊ ညှင်းပမ်းနှိပ်စက်စစ်ဆေးတာ၊ အရပ်သားတွေကို သေကြေထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေလုပ်တာ၊ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို မတရားသိမ်းယူတာတွေဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို အမှတ် (၉၉) ခြေမြန်တပ်မက အကြိမ်ကြိမ်ကျူးလွန်တယ်လို့ အရပ်သားတွေကစွပ်စွဲထားတယ်လို့ ဖော်ပြပါတယ်။

ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက....


"လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတဲ့နေရာတွေမှာ ဆုံးဖြတ်ချက်မြန်မြန်နဲ့ လုပ်ရတာတွေရှိတယ်။ ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဖြစ်နိုင်ဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး ရှိခဲ့လို့ရှိရင်လည်း တပ်မတော်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆောင်ရွက်လျက်ရှိတယ်။ တပ်မတော်အနေနဲ့ လူ့အခွင့်အရေး ဖြစ်ဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ကျင့်ဝတ်တွေဘဲဖြစ်ဖြစ် ကျနော်တို့က အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်နေပါတယ်"
လို့ ပြီးခဲ့တဲ့ အောက်တိုဘာလက RFA ကို ပြောထားပါတယ်။

လက်နက်ကိုင်တိုင်းရင်းသားတွေဘက်က ကျူးလွန်တယ်လို့ ဖော်ပြထားတဲ့ အချက် (၅) ချက်ကတော့ - ပြန်ပေးဆွဲတာနဲ့ ဖမ်းဆီးထိန်းသိမ်းတာ၊ နှိပ်စက်ညှင်းပမ်းတာ၊ အဓမ္မလုပ်အားပေးခိုင်းတာ၊ ခြိမ်းခြောက်ငွေတောင်းတာနဲ့ အတင်းအကြပ်အခွန်ဆောင်ခိုင်းတာ၊ အရပ်သားတွေအတွက် အန္တရာယ်ကျရောက်စေတာလို့ ဖော်ပြထားပါတယ်။ အဲဒီလိုကျူးလွန်တဲ့အဖွဲ့တွေက KIA ကချင်လွတ်မြောက်ရေးတပ်၊ SSA မြောက်ပိုင်းတပ်နဲ့ တောင်ပိုင်းတပ်၊ TNLA တအာင်းလွတ်မြောက်ရေးတပ်တို့ ဖြစ်တယ်လို့ဆိုပါတယ်။

အခုလို ရှမ်းပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ RCSS ပြောရေး ဆိုခွင့်ရှိ သူ ဒုဗိုလ်မှူးကြီး စိုင်းဦးက - "ကျနော်တို့လည်း အောက်ခြေတပ်သားတွေကို လူ့အခွင့်ရေးဆိုင်ရာတွေ ဘာတွေ အသိပညာပေးထားတာတွေရှိပါတယ်၊ တပ်မှူးတွေကလည်း အောက်ခြေကို ထိန်းသိမ်းနေပါတယ်"လို့ အောက်တိုဘာလ ၁ ရက်နေ့က RFA ကို ပြောထားပါတယ်။

အခုဖြစ်ရပ်တွေကို သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ်းခမ်း၊ မူဆယ် ဆိုတဲ့ ၈ မြို့နယ်က ဖြစ်ရပ်တွေကို AI အဖွဲ့က မှတ်တမ်းတင်ထားတာလို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org