စစ်ကောင်စီ လူ့အခွင့်အရေး ချိုးဖောက်မှု ၁၆၅ ခုကို IIMM ထံ ပေးပို့ထား
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကောင်စီက ချိုးဖောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက သက်သေတွေနဲ့တကွ အတည်ပြုပြီးတဲ့ ဖြစ်စဉ်ပေါင်း ၁၆၅ ခုကို IIMM နဲ့ နိုင်ငံတကာကို ပေးပို့ထားပါတယ်။
-
RFA Burmese
2024-01-04 -
-
-
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကောင်စီက ချိုးဖောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက သက်သေတွေနဲ့တကွ အတည်ပြုပြီးတဲ့ ဖြစ်စဉ်ပေါင်း ၁၆၅ ခုကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) နဲ့ နိုင်ငံတကာကို ပေးပို့ထားတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဇန်နဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် NUG၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြီးခဲ့တဲ့ တစ်နှစ်စာလုံးမှာ အတည်ပြုနိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဥ် ၆၅၇ ခုရှိပြီး အဲဒီထဲကမှ ဓာတ်ပုံမှတ်တမ်းတွေ အပါအဝင် အင်တာဗျူးတွေနဲ့တကွ သိမ်းဆည်းထားနိုင်တဲ့ ဖြစ်စဉ်ပေါင်း ၃၂၂ ခုရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာမှ ဥပဒေမဲ့ သတ်ဖြတ်တဲ့ဖြစ်စဉ်က ကျူးလွန်မှု အများဆုံးဖြစ်ပြီး အရပ်သား ၁,၃၄၂ ဦးဟာ လေကြောင်း တိုက်ခံမှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှု၊ ပစ်သတ်ခံရမှုနဲ့ မီးရှို့သတ်ဖြတ်ခံရမှုတွေကြောင့် သေဆုံးခဲ့ကြရတယ်လို့ NUG က ဆိုပါတယ်။
သေဆုံးတဲ့ ဖြစ်စဉ်တွေထဲမှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာက လေကြောင်း တိုက်ခိုက်မှုခံရမှုနဲ့ ကချင်ပြည်နယ်၊ မုန်လိုင်ခက်ရွာက ဖြစ်စဉ်တွေလို လူအစုလိုက် အပြုံလိုက် အသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၈၆ ခုကိုလည်း မှတ်တမ်း တင်ထားတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ရရှိလာမယ့်နေ့ကို မျှော်လင့်နေတယ်လို့ ကန့်ဘလူမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ပဇီကြီးဖြစ်စဉ် အပါအဝင် တခြားသော လူသတ်မှုတွေအတွက်ရော တရားမျှတမှုကို ကျွန်တော်တို့ မျှော်လင့်တယ်။ နိုင်ငံတကာ စစ်ခုံရုံးအထိ ရောက်ဖို့ လိုလားတယ်။ ဒါကို ကျူးလွန်တဲ့သူရော၊ ကျူးလွန်ဖို့ စေခိုင်းတဲ့သူရော အဓိက ကာကွယ်ရေး ဦးစီးချုပ်ကိုရော အရေးယူစေချင်တာပဲ ကျွန်တော်တို့ကတော့”
လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဒုတိယ အများဆုံးဖြစ်စဉ်ကတော့ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီးကျူးလွန်တာဖြစ်ပြီး ချုပ်နှောင်မှုတွေနဲ့ ဖမ်းဆီးခြင်းတွေ အပါအဝင် တခြား ချိုးဖောက်မှုတွေလည်း ဒီအစီရင်ခံစာမှာ ပြုစုထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
အထောက်အထားတွေ ပေးပို့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ဟာ မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိရေးနဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ခံမှု ရှိစေရေး နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၂၀၁၈ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။