ဆီဆိုင်မြို့တောင်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ PNLA တပ်ဖွဲ့ တိုက်ပွဲဆက်ဖြစ်
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင်မြို့တောင်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
-
RFA Burmese
2024-04-18 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင်မြို့တောင်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့တို့ ဧပြီလ ၁၇ ရက်နေ့ မနေ့ကအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံက RFA ကို ပြောပါတယ်။
“စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ ကျွန်တော်တို့ ပြန်ပြီးခုခံနေတော့ တိုက်ပွဲဆက်ဖြစ်တာ ရှိပါတယ်။ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးတာရှိတယ်။ လက်နက်နဲ့ ကားငါးစီး ကျွန်တော်တို့ သိမ်းဆည်းရမိတာရှိတယ်”
ဆီဆိုင်မြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က စစ်အင်အား ထပ်ဖြည့်ထားပြီး အခုလ ၁၄ ရက်နေ့ကစလို့ အရပ်သားတွေ နေရပ်ပြန်ခွင့်ကိုပါ ကန့်သတ်လိုက်တယ်လို ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
“အိမ်ပြန်ပြီး ပစ္စည်းပြန်ယူခွင့်မရတော့ဘူး။ သူတို့ ပိတ်လိုက်ပြီပေါ့နော်။ မြို့ပေါ်မှာလည်း အင်အား ထပ်ဖြည့်ထားတယ်။ ဆီဆိုင်မြို့ တောင်ဘက်အထွက်က ပုံလောင်းရွာဘက်မှာ တိုက်ပွဲက ဆက်ဖြစ်နေတော့ အဲဒီဘက်ကသူတွေတောင် ထပ်ရှောင်နေရပြီ”
ဧပြီလ ၁၃ ရက်နေ့ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ဧပြီလ ၁၅ ရက်နေ့ တိုက်ပွဲမှာတော့ စစ်ကောင်စီရဲ့ အမတ (၅၀၇)နဲ့ ခမရ (၅၀၉) တပ်ရင်းတွေက ဗိုလ်ကြီးအဆင့်ရှိသူတွေအပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့တယ်လို့ PNLA ဘက်က ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆယ်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့မှာ ဆီဆိုင်မြို့ကို PNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး မတ်လ ၂၅ နေ့နောက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က ဆီဆိုင်မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမဲ့ မြို့အစွန်ပိုင်း ကျေးရွာတွေမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
သုံးလနီးပါး ကြာလာတဲ့တိုက်ပွဲတွေကြောင့် ပအိုဝ်းဒေသ ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်အတွင်းမှာ အရပ်သား ခြောက်ဆယ်ကျော် သေဆုံးခဲ့ပြီ ခုနစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအအရုံးရဲ့ အခုလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။