လူထုအကြား အမုန်းစကားဖြန့်ချိမှု ပြန်အားကောင်းလာ
စစ်အာဏာသိမ်းကာလတွေမှာ လူထုအကြား အမုန်းစကား ဖြန့်ချိတာ ပြန်အားကောင်းလာတယ်လို့ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) က နိုဝင်ဘာ ၂၄ မှာ ထုတ်ပြန် ပါတယ်။
-
RFA Burmese
2023-11-24 -
-
-
စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ဒီကာလတွေမှာ လူထုအကြား အမုန်းစကား ဖြန့်ချိတာတွေ ပြန်အားကောင်း လာတယ်လို့ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) က နိုဝင်ဘာ ၂၄ ရက် နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်၊ ဗွီကေ၊ စစ်ကောင်စီထုတ် သတင်းစာ၊ စစ်တပ်ကျောထောက် နောက်ခံပြု အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ ဂျာနယ်တွေကနေတစ်ဆင့် လူမျိုးရေး၊ ဘာသာရေး အမုန်းစကားတွေကို ရေးသားထုတ်လွှင့်တာတွေကို လေ့လာစောင့်ကြည့်ထားတာလို့ ဆိုပါတယ်။
အမုန်းစကားနဲ့ သတင်းအမှား ပစ်မှတ်ထားရာ အုပ်စုတွေအဖြစ် မွတ်စလင်ဘာသာဝင်တွေကို ၄၃၃ ကြိမ်၊ ခရစ်ယာန်ဘာသာဝင်တွေကို ၈၁ ကြိမ်၊ ဟိန္ဒူဘာသာဝင်တွေကို နှစ်ကြိမ်၊ ရိုဟင်ဂျာတွေကို ၁၈၉ ကြိမ်နဲ့ NUG၊ NLDကို ၁၂၃ ကြိမ် တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းထားတဲ့ စစ်တပ်က တော်လှန်ရေးအင်အားစုတွေအပေါ် နည်းမျိုးစုံနဲ့ သွေးခွဲဖို့ ပစ်မှတ်ထားလာတာ လို့ BHRNရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက RFA ကို ပြောပါတယ်။
"အာဏာသိမ်း စစ်တပ်က ကျရှုံးလာတာနဲ့အမျှ တိုင်းပြည်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို သွေးခွဲဖို့ ကြိုးစားလာတာပေါ့။ ၂၀၂၂ခုနှစ် ဇန်နဝါရီကနေ ၂၀၂၃ ဇွန်လအထိ လေ့လာစောင့်ကြည့်မှုအရ အဓိကကတော့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားလာတယ်။ ဒီဘာသာဝင်တွေက ဒီနိုင်ငံကို သူတို့ဘာသာဝင်တွေအဖြစ် ပြောင်းပစ်မယ်။ အပိုင်စီးမယ်ဆိုတဲ့ ကောလာဟလတွေ တွေ့ရတယ်၊ ဆိုးရွားတဲ့ အမုန်းစကားတွေနဲ့ သွေးထိုးလာတာမျိုးပါ"
လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ အမုန်းစကားတွေဟာ မတူညီတဲ့ ဘာသာဝင်တွေနဲ့ ပြည်သူတွေကြားထဲ သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ သူက ဆိုပါတယ်။
ခေတ်အဆက်ဆက်မှာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်တွေဟာ တိုင်းပြည်ကို ထိန်းချုပ်ရာမှာ အာဏာရှင်စနစ်နဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ ရိုက်သွင်းပြီး သွေးခွဲအုပ်ချုပ်တဲ့ စနစ်ကို ကိုင်ဆွဲခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း ပျံ့နှံ့နေတဲ့ အမုန်းစကားတွေနဲ့ ပတ်သက်ပြီး ဖြန့်ဝေတာ၊ အားပေးထောက်ခံ တာမျိုး မလုပ်မိဖို့နဲ့ အမုန်းစကားနဲ့ ပတ်သက်တဲ့ အသိပညာတွေ ပိုကောင်းဖို့ လိုတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။