ရွှေတွင်းမြေပြိုလို့ သေဆုံးသူ များပြား
ရှမ်းပြည်နယ် ပင်လောင်းမြို့အနီးက ရွှေတူးဖော်နေတဲ့ ဒေသမှာ မြေပြိုခဲ့တာကြောင့် အလုပ်သမား တစ်ရာကျော် မြေပိ သေဆုံးခဲ့ကြရတယ်လို့ သိရပါတယ်။
-
2011-08-18 -
-
-
မြစ်ကမ်းနဘေးမှာ ရွှေကျင်နေသူတစ်ဦးကို တွေ့မြင်ရစဉ်
RFA
မြေပြိုခဲ့တဲ့ နေရာဟာ ရမည်းသင်း မြို့နယ် အရှေ့ဖက် မိုင် ၃၀ ကျော်အကွာမှာ ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ အနောက်တောင်ဖက် ရှမ်းပြည်နယ်စပ် အနီးတစ်ဝိုက်မှာ ရွှေတူးဖော်လုပ်ကိုင်နေကြတဲ့ အမှတ် ၂ စက်မှုဝန်ကြီး လက်အောက်ခံ ရွှေလုပ်ကွက် အတွင်းမှာ ဖြစ်ပါတယ်။
ဒီရွှေတွင်းဒေသမှာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်က မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီးနောက် စက်စုကုမ္ပဏီ ရွှေတွင်းက အလုပ်သမား တစ်ရာကျော် နေထိုင်တဲ့ နေအိမ်တွေပေါ်ကို မြေပြိုကျ ခံခဲ့ရတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက အာအက်ဖ်အေ ကို ပြောပါတယ်။
"လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က မိုးတွေ အရမ်းရွာပြီး ၉၅၀ စိုက်ထဲမှာဖြစ်တာ။ ဒီမှာ နေခြည်ပွင့် ဆိုတာ ကုမ္ပဏီ ကနေပြီးမှ သူက တောင်ပေါ်ပတ်လမ်းကို ဖောက်လိုက်တာ။ လူတွေက တောင်အောက်မှာ နေတာ မိုးတွေရွာတော့ အဲ့ဒီက မြေဇာတွေကနေ ပိကျပြီးတော့မှ၊ ပြီးတော့ အောက်မှာ တူးထားတဲ့နေရာတွေက အများကြီးပဲ ကြွက်တွင်းလို ဂလိုင်တွေဖြစ်နေတယ်။ ကြာတဲ့အခါမှာ ရေက စိမ့်သွားတဲ့အခါမှာ ဝုန်းဆို ပြိုကျတာပေါ့။ ဘယ်လိုမှ ပြေးလို့ မလွယ်ဘူးလေ၊ ပိုဆိုးသွားတာက ညကြီး ၁၂ နာရီ ၁ နာရီမှာ ညကြီးဖြစ်တယ်ဆိုတော့ သေတာပေါ့ အားလုံးက။ လူ တစ်ရာကျော်လောက် သေသွားတယ်။ ၁၁ လောင်းပဲ ရသေးတယ်။ ကျန်တာတွေက ဖော်လို့မရဘူး တခါတည်း မြေမြုပ်ပြီးသား ဖြစ်သွားတာပေါ့။ ကျနော်တို့ လုပ်တဲ့နေရာနဲ့က မြေပြိုတဲ့နေရာနဲ့က ၃ မိုင်လောက် ဝေးတယ်။"
ဒီရွှေတွင်းဒေသဟာ အမဲရောင် နယ်မြေအဖြစ် သတ်မှတ်ထားပြီး လုပ်ကိုင်ခွင့် ပိတ်ထားတယ်လို့ ဆိုပေမဲ့ နားလည်မှု ယူပြီး ကုမ္ပဏီ ၂၀၀ ကျော်က လာရောက် လုပ်ကိုင်နေကြတာ ဖြစ်သလို မြေပြိုလို့ သေဆုံးခဲ့ကြရသူတွေရဲ့ မိသားစုဝင်တွေကို အသိပေး အကြောင်းကြားတာ မရှိသေးပဲ လူအမြောက်အများ သေဆုံးခဲ့ကြရတဲ့ သတင်းကိုလည်း ပြင်ပကို မပြောကြားကြဖို့ ပိတ်ပင်ထားကြောင်း ဆက်ပြောပါတယ်။
ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ သေဆုံးခဲ့ရတဲ့ စက်စု ကုမ္ပဏီဟာ ဗိုလ်ချူပ်ကြီးဟောင်း သတ္တုတွင်း ဝန်ကြီး ဦးသိန်းထိုက် ပိုင်ဆိုင်တဲ့ ကုမ္ပဏီလို့ သိရပြီး လမ်းဖောက်လုပ်ရင်း မြေပြိုခဲ့ရတဲ့ နေခြည်ပွင့် ကုမ္ပဏီ ပိုင်ရှင်ဟာ ပျဉ်းမနား နေပြည်တော်တိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ် ဝေလွင်ရဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးလို့ သိရှိရပေမဲ့ သီးခြား အတည်ပြုချက် မရရှိပါဘူး။
ရွှေတွင်းမှာလုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေဟာ ရွှေတူးဖော်ခွင့် ရအောင် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ရွှေလုပ်ကွက် တစ်ကွက် ပါမစ်ရဖို့ သိန်း တစ်ထောင့်နှစ်ရာ ပေးပြီး လုပ်ကိုင်နေကြကြောင်းလည်း သိရပါတယ်။
မြေပြို သေဆုံးမှုနဲ့ပတ်သက်ပြီး ပင်လောင်းမြို့နယ် အုပ်ချူပ်ရေးမှူးရုံးကို ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင် ဖြေဆိုသူ ရုံးဝန်းထမ်း တစ်ဦးက မြေပိ သေဆုံးမှု မရှိဘူးလို့ ဖြေပါတယ်။ အလားတူ ပင်လောင်းမြို့နယ် ရဲစခန်းက ဖုန်းကိုင် ဖြေဆိုသူ ရဲဝန်ထမ်း တစ်ဦးကလည်း မြေပြိုမှု သတင်း မသိရှိကြောင်းနဲ့ မြို့နဲ့ အလှမ်းဝေးကြောင်းသာ ပြောဆိုပါတယ်။
ဒါပေမဲ့ ရမည်းသင်း မြို့နယ် ရဲစခန်းက ဖုန်းကိုင် ဖြေဆိုသူ ရဲအရာရှိ တစ်ဦးကတော့ မြေပြိုခဲ့တာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုပြီး အသေးစိတ် အချက်အလက် မသိရှိရကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ရွှေတွင်း တူးဖော်ရေး လုပ်ငန်း ဝင်ရောက် လုပ်ကိုင်သူတွေဟာ ၂၀၀၀ ခုနှစ်က စလို့ ပိုမို များပြားလာပြီး ရွှေတူးဖော်တဲ့ နယ်မြေတွေ ထပ်မံ စမ်းသပ် ချဲ့ထွင်လာနေ သလို အကြီးစား ရွှေတွင်း တူးဖော်ရေး လုပ်ငန်း အဖြစ် လုပ်ကိုင်ကြတဲ့ လုပ်ငန်းရှင်တွေ အပြင် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် လုပ်ကိုင် လာနေကြောင်းလည်း သိရပါတယ်။