ရွှေတစ်ကျပ်သား ကျပ်သိန်းခြောက်ဆယ်နီးပါးအထိ မြင့်တက်

ဇူလိုင် ၈ ရက်ကစလို့ ဆက်တိုက်မြင့်တက်လာတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဇူလိုင် ၁၁ ရက်ည အပိတ်ဈေးမှာ တစ်ကျပ်သားကို ကျပ် ၅၉ သိန်းအထိရှိတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ရန်ကုန်မြို့မှ ရွှေဆိုင်တချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။

ဇူလိုင်လ ၈ ရက်နေ့ကစလို့ ဆက်တိုက်မြင့်တက်လာတဲ့ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ဇူလိုင်လ ၁၁ ရက်ည အပိတ်ဈေးမှာ တစ်ကျပ်သားကို ကျပ် ၅၉ သိန်းအထိရှိတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဒီ့အပြင် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းတွေလည်း မြင့်တက်ခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၄၇၉၀ အထိ ရှိလာတယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ဒီမတိုင်ခင် စစ်ကောင်စီက အိမ်ရာချေးငွေကို ကန့်သတ်ပမာဏထက် ပိုထုတ်ချေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်တွင်းဘဏ်ခုနစ်ခုကို အရေးယူမယ်လို့ ကြေညာပြီးနောက် ဘဏ်မှာ ငွေထုတ်ယူသူတွေ များပြား လာပါတယ်။

အဲဒီနောက် ငွေထုတ်ယူသူတွေဟာ ရွှေနဲ့ အမေရိကန်ဒေါ်လာကို ပြန်ဝယ်တာကြောင့် ဈေးတက်လာတာလို့ ငွေလဲလုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီတစ်ခေါက်က ဘဏ်သတင်းတွေကြောင့် ဖြစ်လာတာ။ ငွေထုတ်တာ အကန့်အသတ်တွေဖြစ်တာနဲ့ အရေးယူမယ်ဆိုတာကြောင့် အမာကို ပြန်ကိုင်ကြတာပေါ့။ အဲဒီမှာတင် တောက်လျှောက်တက်လာတာ။ ထိန်းမရတော့ဘူး”

ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းရဲ့ ဇူလိုင်လ ၁၂ ရက် မနက်ပိုင်း ရွှေဈေးကွက်အဖွင့်ဈေးမှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၆ သိန်းကျော်သာ ရှိပါတယ်။

ဒါပေမဲ့ လက်တွေ့ပြင်ပပေါက်ဈေးကတော့ ကျပ်သိန်းခြောက်ဆယ်နီးပါးရှိနေတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လက ရွှေနဲ့ ငွေကြေးဈေးကွက်ကို မသမာမှုတွေလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်တွင်းထိပ်တန်းရွှေလုပ်ငန်းရှင်နဲ့ ပွဲစား ၂၁ဦး၊ နိုင်ငံခြားငွေ ရောင်းချသူ ၁၄ ဦးကို အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

အခုလည်း ရွှေနဲ့ ဒေါ်လာဈေးတွေ ပြန်မြင့်တက်လာတာကြောင့် စစ်ကောင်စီက ဘယ်လိုအရေးယူမှုတွေ လုပ်မလဲဆိုတာ သတိထားနေရတယ်လို့ ရွှေနဲ့ ငွေလဲ လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org